“ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရန် ကမ္ဘောဒီးယား၏အဆိုပြုချက်ကို ထိုင်းနိုင်ငံလက်ခံ"
23 Jun
ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကြား ကာလရှည်ကြာဖြစ်ပွားနေသည့် ရေပိုင်နက်အငြင်းပွားမှုကိုဖြေရှင်းရန် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ဖြစ်သော ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်း (UNCLOS) အောက်ရှိ မဖြစ်မနေဖျန်ဖြေရေးလုပ်ငန်းစဉ်များသို့ ဝင်ရောက်ရန်အကြောင်းကြားစာကို ထိုင်းအစိုးရက တရားဝင် လက်ခံလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၂ ရက်တွင် ပြောသည်။ ထိုင်းအစိုးရသည် ယခု လုပ်ငန်းစဉ်ကို UNCLOS လမ်းညွှန်ချက်များအတိုင်း ထပ်တူကျနေသော ရေပိုင်နက်သတ်မှတ်ခြင်းကိစ္စ တစ်ခု တည်းအတွက်သာသုံးရန် အဓိကရည်ရွယ်ထားကြောင်း ပြန်ကြားရေးဌာန ယာယီညွှန်ကြားရေးမှူးချုပ် မာရာတီးနာ လီတာအန်ဒါမိုက ဆိုသည်။ အဆိုပါ ဖျန်ဖြေရေးလုပ်ငန်းစဉ်သည် ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိသည့်အတွက် နှစ်နိုင်ငံကြားတွင် မူလကတည်းက အလေးထားသည့် နှစ်ဦးနှစ်ဖက်တိုက်ရိုက်ဆွေးနွေးပွဲများဆီသို့ ပြန်လည်ရောက်ရှိစေမည့် ယန္တရားတစ်ခုဖြစ်လာလိမ့်မည်ဟု ထိုင်းနိုင်ငံက ယူဆထားသည်။ UNCLOS လမ်းညွှန်ချက်များအရ ထိုင်းနိုင်ငံ၏ တုံ့ပြန်မှုအပြီး ရက် ၃၀ အတွင်း နှစ်နိုင်ငံစလုံးမှ ညှိနှိုင်းရေးမှူးလေးဦးက ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် သူကို ရွေးချယ်ရမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။