“ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းသစ်ကြောင့် ပါရာဂွေးအသင်းမှ အယ်မီရွန် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရ”
21 Jun
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ စည်းမျဉ်းသစ်ကြောင့် ပါရာဂွေးအသင်းမှ အယ်မီရွန် က တူကီယဲအသင်း နှင့်ပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စည်းမျဉ်းသစ်များကို အသုံးပြုနေပြီး လူမျိုးရေးခွဲခြားမှုများကို တားဆီးနိုင်ရန်အတွက်လည်း စည်းမျဉ်းသစ်များထုတ်ပြန်ကာ ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများအနေဖြင့် ပွဲချိန်အတွင်း ပါးစပ်ကို ဂျာစီဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း အုပ်၍ စကားပြောဆိုမည်ဆိုပါက တိုက်ရိုက်အနီကတ် ပြသခံရမည်ဟု သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့သည့် ပါရာဂွေးအသင်းက တူကီယဲအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၌ ပထမပိုင်း ၄၅ မိနစ်ပြည့်ပြီး အချိန်ပိုသုံးမိနစ်တွင် ပါရာဂွေ အသင်းမှ အယ်မီရွန် က ပြိုင်ဘက်အသင်းကစားသမား မက်အူလ်ဒါ ကို စကားပြောဆိုရာတွင် လက်ဖြင့်ပါးစပ်ကိုအုပ်ပြီး စကားပြောဆိုခဲ့ တဲ့အတွက် တိုက်ရိုက်အနီကတ် ပြသခံခဲ့ရခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘင်ဖီကာအသင်း တို့ပွဲစဉ်တွင် ဘင်ဖီကာအသင်းမှ ပရပ်တီနီ က ပါးစပ်ကို ဂျာစီဖြင့်အုပ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှ ဗီနီစီးယက်စ် အနားသို့ သွားရောက်ကာ လူမျိုးရေးခွဲခြားသည့်စကားများ ပြောဆိုခဲ့သည့်ဖြစ်ရပ်ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က လူမျိုးရေးခွဲခြားမှုများအတွက် စည်းမျဉ်းသစ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)