“စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် အီဘိုလာလူနာများစွာ ကုသရေးစင်တာများမှ ထွက်ပြေးနေ”
21 Jun
ကွန်ဂိုနိုင်ငံတွင် စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာမှာ တစ်နေ့တခြား ပိုမိုဆိုးရွားလာသည်နှင့်အမျှ အီဘိုလာ ရောဂါသည်များသည် အစားအစာရှာဖွေရေးအတွက် ၎င်းတို့အား ဆေးကုသမှုပေးလျက်ရှိသော ဆေးရုံများနှင့် ကုသရေးစင်တာများမှ ထွက်ပြေးမှုများ ဖြစ်ပွားနေကြောင်းသိရသည်။ ယခုကဲ့သို့ အစာရေစာရှားပါးပြတ်လပ် နေမှုသည် အသက်အန္တရာယ်ကို လွန်စွာခြိမ်းခြောက်နိုင်သော အီဘိုလာရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ် နိုင်ရေးကြိုးပမ်းရာတွင်အကြီးမားဆုံးသောအဟန့် အတားတစ်ခုဖြစ်လာနေသည်။ “ရောဂါထိန်းချုပ်ရေးမှာ ရှေ့တန်းကနေ လုပ်ဆောင်နေသူတွေဟာ ကျွန်တော်တို့ဆီရောက်လာပြီး တံခါး လာခေါက်ပါတယ်။ အီဘိုလာရောဂါကို အဆုံးသတ်ချင်တယ်ဆိုရင် စားနပ်ရိက္ခာအကူအညီတွေ မဖြစ်မနေလိုအပ် တယ်လို့ သူတို့က တောင်းဆိုနေကြပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေမှာ လုပ်သက် နှစ် ၃၀ လောက်ရှိခဲ့တဲ့ မိမိအနေနဲ့လည်း အခုလိုအခြေအနေဆိုးကို တစ်ခါမှမကြုံဖူးပါဘူး" ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ ကွန်ဂိုနိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်များကိုဦးဆောင်နေသူ ဒေးဗစ်စတီဗင်ဆင် က ပြောသည်။ ပြီးခဲ့သည့် မေလနှောင်းပိုင်းမှစတင်၍ အီဘိုလာကုသရေးနေရာများနှင့် သီးသန့်ခွဲခြားထားသော နေရာများမှ လူနာ ၁၅ဝ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းနှင့် လက်ရှိတွင်ရောဂါကူးစက်သူ ၉၀၀ ခန့်ရှိပြီး သေဆုံးသူ ၂၀၀ ကျော်ရှိကြောင်း အစိုးရ၏ တရားဝင်အစီရင်ခံစာများတွင် ဖော်ပြထားသည်။