“ယူကရိန်းက ဘယ်လာရုစ်ကိုတိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုပြုလုပ်”
21 Jun
ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီ က ဘယ်လာရုစ်နိုင်ငံကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုပြုလုပ် ခဲ့ကြောင်းသိရသည်။ ဘယ်လာရုစ်နိုင်ငံအနေဖြင့် နိုင်ငံတောင်ပိုင်းနယ်စပ်ရှိ လေကြောင်းရန်ကာကွယ်ရေး ရေဒါများကို ဖယ်ရှားပေးခြင်းမရှိပါက စစ်ရေးနည်းဖြင့်အရေးယူမည်ဖြစ်ကြောင်း ရာဇသံပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ဘယ်လာရုစ်နိုင်ငံကို စစ်ပွဲထဲသို့ဆွဲသွင်းသော မည်သည့်နိုင်ငံမဆိုသည် ကြီးမားစွာပေးဆပ်ရ စေမည်ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ကပြောသည်။ ဘယ်လာရုစ်နိုင်ငံမှ ကလေးဘောလုံးအသင်းကို တင်ဆောင်လာသော ဘတ်စကားတစ်စီးကို ယူကရိန်းက ဒရုန်းဖြင့်တိုက်ခိုက် ပြီးနောက် နှစ်နိုင်ငံကြားတွင် ယခုကဲ့သို့တင်းမာမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါတိုက်ခိုက်မှုအပြင် အခြားသောတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ယူကရိန်းအနေဖြင့် ဖြေရှင်းချက်ပေးရန်လည်း ဘယ်လာရုစ်အစိုးရက တောင်းဆိုထားသည်။ ဘယ်လာရုစ်နိုင်ငံအနေဖြင့် စစ်ပွဲတစ်ခုအတွင်း မည်သည့်နိုင်ငံကိုမျှ ဆန့်ကျင်ပြီး တိုက်ခိုက်မှုလုပ်ဆောင် ရန် ရည်ရွယ်ထားခြင်းမရှိကြောင်းနှင့် မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်နေခြင်းမရှိကြောင်း လူကာရှန်ကို က အကြိမ်ကြိမ်ပြောထားသည်။ ဘယ်လာရုစ်နိုင်ငံသည် ရုရှားအစိုးရနှင့်လည်း နီးကပ်သောဆက်ဆံရေးရှိကြောင်း သိရသည်။