“ရာသီအဖွင့်ပွဲစဉ်အဖြစ် ချန်ပီယံ အာဆင်နယ်နှင့် တန်းတက် ကိုဗင်ထရီအသင်းတို့ ဆုံတွေ့နေ”

20 Jun

၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီအတွက် ပွဲစဉ်ဇယားကိုထုတ်ပြန်ခဲ့ရာ ချန်ပီယံအာဆင်နယ်အသင်းက ပွဲစဉ် (၁)မှာ တန်းတက်အသင်းဖြစ်တဲ့ ကိုဗင်ထရီအသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ်ကို ဩဂုတ်လ ၂၁ ရက်မှာ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၅ နှစ်ကြာမှ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် တန်းတက်ခွင့်ရခဲ့တဲ့ ကိုဗင်ထရီအသင်းက ရာသီအဖွင့်ပွဲမှာပဲ အာဆင်နယ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ချန်ပီယံရှစ် ပလေးအော့ဖ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရလာခဲ့တဲ့ ဟူးလ်စီးတီးအသင်းက ရာသီအဖွင့်ပွဲမှာ မန်ယူအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် တန်းတက်အသင်း တစ်သင်းဖြစ်တဲ့ အစ်ဆွစ်ချ်အသင်းကလည်း ဆန်းဒါးလန်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ မရှိတော့တဲ့ မန်စီးတီးအသင်းက ရာသီအဖွင့်ပွဲအဖြစ် ဩဂုတ်လ ၂၃ ရက်မှာ ဘုန်းမောက် အသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်သလို လီဗာပူးအသင်းကလည်း နည်းပြသစ် အိုင်ရာအိုလာ လက်ထက် ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။ နည်းပြသစ် အလွန်ဆို ကို ခန့်အပ်ထားတဲ့ ချဲလ်ဆီးအသင်းက ရာသီအဖွင့်ပွဲအဖြစ် ဩဂုတ်လ ၂၄ ရက်မှာ ဖူလ်ဟမ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။(NVS 008)

20 Jun

ADVERTISE HERE .