“တရားမဝင်ဓာတ်အားသုံးစွဲမှုကို ဖော်ထုတ်နိုင်ခဲ့တဲ့ လျှပ်စစ်ဝန်ထမ်း ၆ ဦးကို ချီးမြှင့်ဂုဏ်ပြု”
16 Jun
ရန်ကုန်တိုင်းဒသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျို လုပ်ငန်းမှာ တရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့တဲ့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဝန်ထမ်း ၆ ဦးကို ဇွန်လ ၁၅ ရက်က ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက လျှပ်စစ်ဝန်ထမ်း ၆ ဦးကို ပြည်ထောင်စုဝန်ကြီးမှ ချီးမြှင့်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃)ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်း၌ အသုံးပြုနေသော မီတာအားဖွင့်လှစ်၍ အတွင်း၌ပြုပြင်ပြီး တရားမဝင် ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားယူနစ် ၅ သန်းကျော်ဆုံးရှုံးခဲ့ရကာ ဓာတ်အားခ လျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် စက်ရုံပိုင်ရှင်ကို မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားရှိပြီး လျော်ကြေး၊ နစ်နာကြေး များပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဓာတ်အားပျောက်ဆုံးမှုကျဆင်းရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျောက်ရေးအတွက် ရုံးချုပ်၊ ခရိုင်၊ မြို့နယ်ရှောင်တခင်စစ်ဆေးရေးအဖွဲ့များ၊ AMI Control Center မှ မီတာများကိုစောင့်ကြည့်ခြင်းတို့အား အရှိန်အဟုန်ဖြင့်စစ်ဆေးခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဧပြီလအထိ ရှောင်တခင်စစ်ဆေးမှုများအရ လျော်ကြေး၊ ဒဏ်ကြေးနှင့် အစားထိုးတပ်ဆင်ခငွေကျပ် ၅ ဒသမ ၁ ဘီလီယံ ကျော် ပြန်လည်ရရှိခဲ့ပြီးဖြစ်ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုနှင့် မသမာမှုများကြောင့် ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးမှုများကို လျော့နည်းပပျောက်စေရန် ကြိုးပမ်းနေသကဲ့သို့ ပြည်သူများအနေနဲ့လည်း မသမာမှုများရပ်တန့်ခြင်း၊ တွေ့ရှိပါက သတင်းပေးတိုင်ကြားခြင်းနှင့် လေလွင့်မှုမရှိအောင် စနစ်တကျသုံးစွဲခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံထားပါတယ်။ (NVS 004)