“ပြည်မြို့မှာ အထူးကုဆရာဝန်ကြီး ၁၂ ဦးပါဝင်သောအဖွဲ့က ဒေသခံ ၂,၀၀၀ နီးပါးကို ကွင်းဆင်းကုသပေးခဲ့”
16 Jun
ရန်ကုန်မြို့ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီး ၁၂ ဦး ပါဝင်သောအဖွဲ့က ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တို့မှာ ပြည်မြို့သို့ ကွင်းဆင်း၍ ဒေသခံ ပြည်သူများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါကွင်းဆင်းကုသမှုကို ပြည်မြို့နယ်ရှိ ပြည်သူများသာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်မှ လာရောက်ပြသတဲ့ ပြည်သူများကိုပါ ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ နှစ်ရက်တာကာလအတွင်း အထူးကုအဖွဲ့အနေဖြင့် အထွေထွေရောဂါလူနာ ၄၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါလူနာ ၂၃၉ ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ ၂၂၄ ဦး၊ ဦးနှောက်နှင့်အာရုံကြော(ဆေးကု/ခွဲစိတ်)လူနာ ၂၃၄ ဦးအစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါလူနာ ၂၀၁ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါလူနာ ၁၉၂ ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာလူနာ ၁၁၅ ဦး၊ ရင်ခေါင်း၊ ကင်ဆာနှင့် အခြားရောဂါလူနာ ၆၅ ဦးတို့ကို စမ်းသပ်ကုသ ပေးခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် ဆေးကုသပေးရုံသာမက တိကျသော ရောဂါရှာဖွေမှုများရရှိစေရန် ခေတ်မီစက်ကိရိယာများဖြင့်ပါ တစ်ပါတည်း စစ်ဆေးပေးခဲ့ပြီး အထူးအစီအစဉ်အနေဖြင့် နားဝေဒနာရှင် ၃၃ ဦးကိုလည်း နားကြားကိရိယာများ အခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ် ကုန်ကျစရိတ် လျော့နည်းစေရန်နှင့် ရောဂါများကို အချိန်မီစောစီးစွာ သိရှိကုသနိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ကွင်းဆင်း ကုသမှုများကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလကုန်ပိုင်းက ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ လူနာပေါင်း ၈၀၀ ကျော်ကို ကုသပေးခဲ့ပြီးဖြစ်ကာ ယခုကဲ့သို့ အထူးကုကွင်းဆင်းကုသမှုအစီအစဉ်များကို အခြားမြို့များသို့လည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)