“အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာ မူကြမ်း အကြောင်းအရာ ၁၄ ချက်အား အီရန်မီဒီယာ ထုတ်ပြန်”

15 Jun

အီရန်နှင့် အမေရိကန်၏ နားလည်မှုစာချွန်လွှာမူကြမ်းတွင် အကြောင်းအရာ ၁၄ ချက်ပါဝင်ကြောင်း အီရန် Tasnim သတင်းဌာနက ဇွန်လ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အဆိုပါအကြောင်းအရာသည် ယင်းမီဒီယာတွင် မကြာမီရက်ပိုင်းက ထုတ်ပြန်ခဲ့သောဗားရှင်းနှင့် ထပ်တူညီသော်လည်း အီရန်နှင့် အမေရိကန် နှစ်ဦးနှစ်ဖက်၏ အတည်ပြုခြင်းမရရှိသေးပေ။ အဆိုပါအသေးစိတ်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်- ၁။ လက်ဘနွန်အပါအဝင် စစ်မျက်နှာစာအားလုံး၌ စစ်ပွဲများကို ချက်ချင်းရေရှည်အဆုံးသတ်ရန်။ ၂။ အမေရိကန်အနေဖြင့် အီရန်၏ ပြည်တွင်းရေးအား မစွက်ဖက်ဟုကတိပြု၍ အီရန်အစ္စလာမ်သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာအား လေးစားရန်။ ၃။ ရက်ပေါင်း ၃၀ အတွင်း ပင်လယ်ရေပြင်ပိတ်ဆို့မှုများအား ဘက်စုံပယ်ဖျက်ရန်။ ၄။ အမေရိကန်အနေဖြင့် အီရန်အနီးတစ်ဝိုက်မှ ၎င်း၏စစ်ရေးအင်အားများ ရုပ်သိမ်းမည်ဟု ကတိပြုရန်။ ၅။ ဟော်မုဇ်ရေလက်ကြားကို ရက်ပေါင်း ၃၀ အတွင်း အီရန်၏အစီအစဉ်အတိုင်း ပြန်လည်ဖွင့်လှစ်ရန်။ ၆။ အီရန် ရေနံ၊ ရေနံထုတ်ကုန်ပစ္စည်းများနှင့် ၎င်းမှတစ်ဆင့်ထုတ်လုပ်သော ထုတ်ကုန်များ ရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုအား ယာယီရပ်တန့်၍ အီရန်က သက်ဆိုင်ရာဘဏ္ဍာရေးငွေကြေးအား အပြည့်အဝ အသုံးပြုခွင့်ပေးရန်။ ၇။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံထက် မနည်းသော အီရန်ပြန်လည်တည်ဆောက်ရေး အစီအစဥ်အား မဖြစ်မနေအဆိုပြုရန်။ ၈။ နောက်ဆုံး သဘောတူညီချက်ရရှိရန်အတွက် ရက် ၆၀ ကြာ ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ရန်။ သဘော တူညီချက် အကြောင်းအရာတွင် နျူကလီးယားအရေး၊ အမေရိကန်က အီရန်အပေါ် အဆင့်(၁) နှင့် အဆင့်(၂) ပိတ်ဆို့အရေးယူမှုများအား ဘက်စုံပယ်ဖျက်ရန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ဘုတ်အဖွဲ့က အီရန်အားဦးတည်သည့် သက်ဆိုင်ရာဆုံးဖြတ်ချက်များကို ပယ်ဖျက်ရန်တို့ ပါဝင်မည်ဖြစ်သည်။ ၉။ အီရန်အနေဖြင့် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်ပါ ၎င်း၏ကတိပြုချက်များကို ထပ်လောင်းပြောကြား၍ နျူကလီးယားလက်နက် ထုတ်လုပ်ခြင်းမပြုရန်။ ၁၀။ ဆွေးနွေးညှိနှိုင်းသည့်ကာလအတွင်း အမေရိကန်အနေဖြင့် ဒေသတွင်းသို့ စစ်ရေးအင်အား ထပ်တိုးစေလွှတ်မှု မပြုခြင်း၊ ပိတ်ဆို့အရေးယူမှု အစီအမံအသစ်များကိုလည်း ဖော်ဆောင်မှုမပြုခြင်းအား ကတိပြုရန်။ ၁၁။ နောက်ဆုံးဆွေးနွေးညှိနှိုင်းသည့် ရက် ၆၀ ကာလအတွင်း အီရန်၏ ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံအား ဖြေလျှော့ရန်။ ၎င်းအနက် ပိုင်ဆိုင်မှုအရင်းအနှီး ငွေတစ်ဝက်ကို ဆွေးနွေးညှိနှိုင်းမှု မစတင်မီ အီရန်ထံ ပံ့ပိုးပေးရမည်ဖြစ်သည်။ ၁၂။ သဘောတူညီချက် အကောင်အထည်ဖော်ကျင့်သုံးမှုကို တွန်းအားပေးရန်အတွက် ကြီးကြပ်ရေးယန္တရား ထူထောင်ရန်။ ၁၃။ နောက်ဆုံးသဘောတူညီချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုရန်။ ၁၄။ အီရန်၏ ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုတစ်ဝက်ကို ဖြေလျှော့ခြင်း၊ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ပင်လယ်ရေပြင်ပိတ်ဆို့မှုအား ယာယီရပ်တန့်ခြင်းမတိုင်မီ နောက်ဆုံးဆွေးနွေးညှိနှိုင်းမှုကို စတင်မည်မဟုတ်ပေ။ နောက်ဆုံးသဘောတူညီချက်တွင် သန့်စင်ပြီး ယူရေနီယံများစီမံခြင်း၊ ယူရေနီယံသန့်စင်ရေးလှုပ်ရှားမှု၊ ပိတ်ဆို့ အရေးယူမှုဖြေလျှော့ခြင်းနှင့် အီရန်စီးပွားရေး ပြန်လည်တည်ဆောက်မှုအစီအစဉ် စသည့် အကြောင်းအရာ များသာ ပါဝင်မည်ဖြစ်သည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နှင့် ၎င်းက အတိုက်အခံအဖွဲ့အစည်းများအား ထောက်ခံအားပေးခြင်း အရေးကိစ္စများကိုမူ ဆွေးနွေးမှုအစီအစဉ်မှ အတိအလင်းဖယ်ထုတ်ထားပြီးဖြစ်သည်။ (Repost from Xinhua Myanmar)

15 Jun

ADVERTISE HERE .