“Social Media များတွင် ရထားလက်မှတ်များကို ဝန်ဆောင်ခဖြင့် ဆောင်ရွက်ပေးနေကြောင်းတွေ့ရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူမည်”

13 Jun

Social Media များတွင် ရထားလက်မှတ်များကို ဝန်ဆောင်ခဖြင့် ဆောင်ရွက်ပေးနေကြောင်းတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန် ထားပါတယ်။ မြန်မာ့မီးရထားက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ရထားစီးခရီးသွား ပြည်သူများ လက်မှတ်ဝယ်ယူ ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်း ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရထားများအား အွန်လိုင်းမှ ရထားလက်မှတ်ဝယ်ယူနိုင်သော Web base (ORTP) စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက် ထားခဲ့ပါတယ်။ ဧပြီလ ၄ ရက်တွင် မြန်မာ့ မီးရထားက ORTP စနစ်တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် တင်ဒါ အောင်မြင်သော နည်းပညာကုမ္ပဏီ၏ နည်းပညာဝန်ဆောင်ခအတွက် လက်မှတ်တစ်စောင်လျှင် (၂၀၀/-)ကျပ်ဖြင့် ဘဏ်များက တရားဝင်သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်ခကို ကောက်ခံခွင့်ပြုခဲ့ရာ ယခုအခါ Social Media များဖြစ်သော Tiktok၊ Facebook၊ Telegram နှင့် Viber များဖြင့် ကြော်ငြာ၍ ဝန်ဆောင်ခဖြင့် ရထားလက်မှတ်များကို ဆောင်ရွက်ပေးနေကြောင်း တွေ့မြင်ကြားသိနေကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် အွန်လိုင်းမှ ဝယ်ယူရန်ခက်ခဲသော ခရီးသည်များကို ဘူတာရုံများတွင် အထောက်အကူပြုကောင်တာများ ထားရှိခြင်း၊ ဘူတာဝန်ထမ်းများက လက်မှတ်ရုံ များတွင် ORTP စနစ်ဖြင့် ဝယ်ယူပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကိုယ်စားလှယ်အဖြစ် အခြားမည်သူတစ်ဦး တစ်ယောက်ကိုမျှ ဝန်ဆောင်ခကောက်ခံရန် တာဝန်ပေးအပ်ထားခြင်း လုံးဝမရှိကြောင်း သိရပါတယ်။(NVS 004)

13 Jun

ADVERTISE HERE .