“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်”
13 Jun
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း နိုင်ငံတော် အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) သွားရောက်မည်ဖြစ်ကြောင်း သိရပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက တရုတ်သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမှာဖြစ်ပါတယ်။ ထို့အပြင် စီးပွားရေးကွန်ဖရင့်သို့တက်ရောက်ရန်ရှိပြီး အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာသွားမှာဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားစီးပွားရေး၊ လုံခြုံရေးဆိုင်ရာ များနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေး သွားမှာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 004)