“မြောက်ကိုရီးယားသို့ ဒရုန်းများစေလွှတ်မှုအတွက် ယွန်းဆက်ယို ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရ”
13 Jun
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို သည် မြောက်ကိုရီးယားနိုင်ငံသို့ စစ်သုံးဒရုန်းများကို စေလွှတ် ခဲ့မှုအတွက် ဇွန်လ ၁၂ ရက်တွင် ထောင်ဒဏ်နှစ် ၃ဝ ချမှတ်ခံရကြောင်းသိရသည်။ ထိုသို့ ဒရုန်းများစေလွှတ် ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် ဖြစ်လာနိုင်သည့်အခြေအနေအပေါ် ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံကို မာရှယ်လောထုတ်ပြန်ခြင်းဖြစ်ကြောင်း အစိုးရဘက်ရှေ့နေများကပြောသည်။ မြောက်ကိုရီးယားဘက်က လက်နက်ကိုင်တိုက်ခိုက်မှု သို့မဟုတ် ဝါဒဖြန့်လက်ကမ်းစာစောင်များကြဲခြင်းကို လက်တုံ့ပြန် လုပ်ဆောင်လာမည်ဟု ယွန်းဆက်ယို ကမျှော်မှန်းကာ မြောက်ကိုရီးယားဘက်သို့ ဒရုန်းများစေလွှတ်ခြင်း၊ ဝါဒဖြန့်လက်ကမ်း စာစောင်များကြဲချခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရားသူကြီးများကပြောသည်။ ထို့ပြင် ယွန်းဆက်ယို သည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံ တို့ကြားတွင် တင်းမာမှုများမြင့်တက်လာစေရေးနှင့် နိုင်ငံတော်ကို အကျပ်အတည်းဖြစ်အောင် ဖန်တီးရေးအတွက် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့မှသာ ၎င်း၏ မာရှယ်လောက အဓိပ္ပာယ်ရှိမည်ဟု ယူဆခြင်းဖြစ်ကြောင်း တရားသူကြီးများကပြောသည်။ ယွန်းဆက်ယို က မာရှယ်လော မထုတ်ပြန်မီ နှစ်လခန့်အလိုတွင် တောင်ကိုရီးယားမှ စစ်သုံးဒရုန်းများက မြောက်ကိုရီးယားသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။