“ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အဏုမြူရောင်ခြည်စက် ထပ်မံတပ်ဆင်ကာ လူနာများအား ဝန်ဆောင်မှုပေးမည်”
12 Jun
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အဏုမြူရောင်ခြည် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်တွင် ထပ်မံ တပ်ဆင်ကာ လူနာများအား ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် သိုင်းရွိုက်၊ အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်၊ အသည်းနှင့် သရက်ရွက်၊ သည်းခြေ လမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အဏုမြူရောင်ခြည်ဆေးရည်ဖြင့် ရှာဖွေကုသပေး လျက်ရှိသည့်အပြင် ကင်ဆာရောဂါဆိုင်ရာ ရှာဖွေစမ်းသပ်ခြင်းများကိုလည်း အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရာတွင် ခေတ်မီစက်ကြီးနှစ်မျိုးဖြစ်သည့် SPECT-CT စက်နှင့် PET-CT စက်ကို အဓိကထားအသုံးပြုပြီး ရောဂါအမျိုးအစားအလိုက် ခွဲခြားရှာဖွေပေးလျက်ရှိပြီး SPECT-CT စက်သည် အဏုမြူရောင်ခြည်ဆေးရည်ကို အသုံးပြုကာ အရိုး၊ ကျောက်ကပ်၊ သိုင်းရွိုက်၊ ပါရာသိုင်းရွိုက်နှင့် အသည်းရောဂါ များကို ရှာဖွေပေးကာ PET-CT စက်သည် ကင်ဆာရောဂါရှာဖွေရာတွင် အဓိက အသုံးပြုဆောင်ရွက်ပေးလျက်ရှိပါ တယ်။ အဆိုပါ ဆေးရည်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ Cyclotron စက်ကြီးဖြင့် ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ် ကြောင်း သိရပါတယ်။ ရောဂါကုသရေးအပိုင်းတွင် ပြင်ပလူနာနှင့် အတွင်းလူနာဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး နေ့စဉ်ရုံးဖွင့်ရက်တိုင်းတွင် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းအချိန်ဟူ၍ နှစ်ကြိမ်ခွဲခြား ကြည့်ရှုကုသပေးလျက်ရှိပါတယ်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာနမှ SPECT-CT စက်ဖြင့် ရောဂါရှာဖွေခြင်းအကြိမ်ရေ ၃,၀၀၀၊ PET-CT စက်ဖြင့် ရောဂါရှာဖွေခြင်းအကြိမ်ရေ ၆၅၀ နှင့် အဏုမြူရောင်ခြည်ဆေးဖြင့် ရောဂါကုသခြင်းအကြိမ်ရေ ၇၅၀ တို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း လူနာများအား ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် SPECT-CT စက်သစ်တစ်လုံးကို ထပ်မံတပ်ဆင်ကာ ရောဂါရှာဖွေခြင်းလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါဌာနတွင် ရောဂါရှာဖွေကုသခြင်းများအပြင် ဆေးပညာလောကအတွက် အဏုမြူရောင်ခြည် ဆေးပညာရှင်များ ကိုလည်း ဆက်လက်မွေးထုတ်ပေးလျက်ရှိရာ အဏုမြူရောင်ခြည် မဟာသိပ္ပံသင်တန်းတွင် မဟာသင်တန်းသား သုံးဦးမှ ငါးဦးအထိကို နှစ်စဉ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)