“ကမ္ဘာ့ဖလားကွင်း မြက်ခင်းသစ်ကြောင့် ကစားသမားများ ဒဏ်ရာရနိုင်”
12 Jun
အမေရိကန်နိုင်ငံက ဘောလုံးကွင်းအများစုဟာ မြက်ခင်းသစ်တွေဖြစ်နေလို့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတွေအနေနဲ့ ဒဏ်ရာရနိုင်ခြေရှိကြောင်း အားကစားလောကနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားကြပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင်အမေရိကန်ရဲ့ ဘောလုံးကွင်းအများစုဟာ မြက်ခင်းတုတွေ ဖြစ်နေလို့ ကမ္ဘာ့ဖလားပွဲအတွက် သဘာဝမြက်ခင်းတွေနဲ့ ယာယီလဲလှယ်ထားခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွေမှာ ကွင်းအတွင်းခင်းကျင်းထားတဲ့ ယာယီမြက်ခင်းတု ဒါမှမဟုတ် ယာယီမြက်ခင်းသစ်တွေကြောင့် ကစားသမားတွေ ဒဏ်ရာရရှိနိုင်ခြေမြင့်မားနိုင်တဲ့ပြဿနာဟာ လက်ရှိအားကစားလောကနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကြား အထူးတလည် သတိပေးဆွေးနွေးနေရတဲ့ အဓိကပြဿနာတစ်ခု ဖြစ်နေတယ်လို့ သတင်းများမှာ ဖော်ပြနေကြပါတယ်။ အထူးသဖြင့် NFL (National Football League) ကွင်းတွေကို ဘောလုံးကွင်းတွေအဖြစ် အလျင်အမြန် ပြောင်းလဲခင်းကျင်းရတဲ့အခါမျိုးမှာ အခုပြဿနာက ပိုမိုသိသာလာတတ်ပါတယ်။ ယခုလို အလျင်စလိုခင်းထားတဲ့ မြက်ခင်းသစ်တွေကြောင့် ကွင်းမျက်နှာပြင်မညီဘဲ ကစားသမားတွေအတွက် ခြေဆစ်၊ ဒူးဆစ် ဒဏ်ရာရမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ဖီဖာ(FIFA)ဆေးဘက်ဆိုင်ရာ ဒါရိုက်တာကတော့ မြက်ခင်းတုထက်စာရင် သဘာဝမြက်ခင်းက ကစားသမားတွေအတွက် ပိုမိုဘေးကင်းတယ်လို့ ဆိုထားပါတယ်။ ဆရာဝန်တွေက ဒဏ်ရာအန္တရာယ် လျော့နည်းဖို့ အတွက် ပွဲမစခင် ကွင်းထဲမှာ ကြိုတင်လေ့ကျင့်ခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။ (NVS 008)