“အမေရိကန်အိပ်မက် မရပ်တည်နိုင်ဟု အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံခန့်ကယူဆကြောင်း လူထုသဘောထား စစ်တမ်းဖော်ပြ”
11 Jun
အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံခန့်က အမေရိကန်အိပ်မက်(American Dream) အယူအဆသည် မရပ်တည် နိုင်ဟု ယူဆကြရာ အမေရိကန်များစွာ အထူးသဖြင့် လူငယ်များသည် နိုင်ငံအစိုးရ၏ အနာဂတ်အပေါ် စိုးရိမ်ပူပန်မှုများ ခံစားနေရသည်ကို မီးမောင်းထိုးပြနေကြောင်း Associated Press ၏ မကြာသေးမီရက်က ထုတ်ပြန်သော လူထုသဘောထားစစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။ Associated Press-NORC ပြည်သူ့ရေးရာ သုတေသနဌာနက ဧပြီလတွင် ထိုလူထုသဘောထားစစ်တမ်းကို လုပ်ဆောင်ခဲ့ပြီး အရွယ်ရောက်ပြီးသူ စုစုပေါင်း ၂,၅၉၆ ဦး ပါဝင်ဖြေဆိုခဲ့ကြောင်း Associated Press ၏ ဇွန်လ ၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်သည် အခွင့်အလမ်းများ၏ နယ်မြေဖြစ်သည်ဟူသော အဆိုအပေါ် လူအများအပြားက သံသယရှိကြောင်း စစ်တမ်းရလဒ်တွင် ဖော်ပြထားသည်။ အရွယ်ရောက်ပြီးသူ အမေရိကန် နိုင်ငံသား ၅၁ ရာခိုင်နှုန်းက အလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ပါက အောင်မြင်နိုင်သည်ဟူသော အမေရိကန် အိပ်မက်အယူအဆသည် အတိတ်ကာလတွင် ရပ်တည်နိုင်သော်လည်း ယနေ့ကာလတွင် မရပ်တည်နိုင်တော့ပေဟု ဖော်ပြခဲ့ကြသည်။ စစ်တမ်းဖြေဆိုသူသုံးပုံတစ်ပုံခန့်က အမေရိကန်အိပ်မက်သည် ရပ်တည်နေဆဲဖြစ်သည်ဟု ယူဆ ကြပြီး အခြားသော ၁၅ ရာခိုင်နှုန်းမှာမူ ယင်းအယူအဆသည် ဘယ်သောအခါကမျှ ရပ်တည်နိုင်ခြင်းမရှိခဲ့ဟု ဖော်ပြ ခဲ့ကြသည်။ အမေရိကန်အိပ်မက်သည် ရပ်တည်နေဆဲဖြစ်သည်ဟူသောအဆိုကို အမေရိကန်နိုင်ငံသားများအနက် အသက် ၃၀ နှစ်အောက်က ၂၂ ရာခိုင်နှုန်း၊ အသက် ၆၀ နှစ်နှင့်အထက်က ၄၆ ရာခိုင်နှုန်း အသီးသီးယူဆထားကြကြောင်း စစ်တမ်းက ပြသနေသည်။ ထို့အပြင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အမေရိကန်နိုင်ငံအား ထူးခြားမှုရှိသည်ဟု ယူဆနိုင်ခြေရှိသည့် အမေရိကန်လူငယ်များမှာ သက်ကြီးပိုင်း အမေရိကန်နိုင်ငံသားများထက် အလွန်နည်းပါးသည်။ အသက် ၃၀ နှစ်အောက် အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားများ၏ ၄၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ၄၄ ရာခိုင်နှုန်းက အချို့နိုင်ငံများသည် အမေရိကန်ထက် ပိုမိုကောင်းမွန်သည်ဟု ယုံကြည်ကြပြီး ယင်းအချက်ကို အသက် ၆၀ နှစ်နှင့် အထက် အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၂၂ ရာခိုင်နှုန်းကသာ ထိုသို့ယူဆကြသည်။ (Repost from Xinhua)