“ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ကွင်းအတွင်း သတိလစ် လဲကျခဲ့တာကြောင့် ဆေးရုံပို့ဆောင်ခဲ့ရ”
09 Jun
ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမား အဲရစ်ဆင် ဟာ ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်း သတိလစ် လဲကျခဲ့တာကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင် ဟာ ပွဲချိန် ၆၅ မိနစ်မှာ ကွင်းအတွင်း လဲကျခဲ့တာဖြစ်ပြီး အချိန်အနည်းငယ် သတိလစ်သွားခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် အရေးပေါ်ကုသမှုပြုလုပ်ခဲ့ရပြီး ပွဲချိန် ၇၉ မိနစ်ဝန်းကျင်မှာ ပွဲကို ဆက်မကစားတော့ဘဲ အဆုံးသတ်ခဲ့ရကြောင်း သိရပါတယ်။ အဲရစ်ဆင် အနေနဲ့ အချိန်အနည်းငယ်အတွင်း သတိပြန်ရခဲ့ပြီး ကွင်းထဲက လမ်းလျှောက်ထွက်ခွာ နိုင်ခဲ့ပေမယ့် တခြားစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်တာကြောင့် ဆေးရုံတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲရစ်ဆင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတုန်းကလည်း ဖင်လန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ နှလုံးခုန်ရပ်ပြီး ကွင်းအတွင်း လဲကျမှုဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသလို၊ နှလုံးနှိုးစက် တပ်ဆင်ထားရပြီး ၈ လကြာမှ ဘောလုံးပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ (NVS 008)