“အစ္စရေးစစ်တပ်က အီရန်ကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ဟု IRGC ပြောကြား”
08 Jun
အစ္စရေးက ဝေဟင်ပစ်ပဲ့ထိန်းဒုံးကျည်များဖြင့် အီရန်နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ကြောင်း အီရန်မီဒီယာ ၏ ဇွန်လ ၈ ရက် သတင်းများအရ သိရသည်။ အီရန်နိုင်ငံ၏ မြို့တော်တီဟီရန်၊ အဓိကမြို့ကြီးများဖြစ်သည့် Tabriz နှင့် Isfahan တို့တွင် ယင်းနေ့ နံနက်ပိုင်းက ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် တီဟီရန်မြို့ အနောက်ပိုင်းရှိ Karaj မြို့ဘက်တွင်လည်း ပေါက်ကွဲသံများထွက်ပေါ်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ တီဟီရန်မြို့ပြဧရိယာမှာ တိုက်ခိုက်မှုပစ်မှတ်မဟုတ်ကြောင်း တီဟီရန်မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ အီရန်မီဒီယာများက ဖော်ပြထားသည်။ အီရန်နိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသရှိ စစ်ရေးပစ်မှတ်များကို အစ္စရေးလေတပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ထိုနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ပြောကြားခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် အသေးစိတ်အချက်အလက်များကိုမူ ပိုမိုဖော်ပြထားခြင်း မရှိပေ။ (Repost from Xinhua)