“ONE Friday Fights 158 ပြိုင်ပွဲမှာ ကျော်စွာဝင်းနှင့် ထွန်းမင်းအောင် တို့ ပါဝင်ထိုးသတ်မည်”

08 Jun

လာမယ့်ဇွန်လ ၁၂ ရက်မှာ ကျင်းပမယ့် ONE Friday Fights 158 ပြိုင်ပွဲမှာ မြန်မာရိုးရာဖိုက်တာ နှစ်ဦးဖြစ်တဲ့ ကျော်စွာဝင်းနဲ့ ထွန်းမင်းအောင်တို့ ပါဝင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ ကျော်စွာဝင်းက ထိုင်းဖိုက်တာ ဆလေတန်၊ ထွန်းမင်းအောင်က နယူးဇီလန်ဖိုက်တာ တီတပ်စ်ပရိုစ်တာတို့နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ ကျော်စွာဝင်းနဲ့ ထိုင်းဖိုက်တာ ဆလေတန်တို့က မွေထိုင်းဘင်တန်ဝိတ်တန်း၊ ထွန်းမင်းအောင်နဲ့ တီတပ်စ်တို့က မွေထိုင်းလိုက်ဝိတ်တန်းတွေမှာ ၃ မိနစ်၊ ၃ ချီ ယှဥ်ပြိုင် ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ ကျော်စွာဝင်းက ONE Championship မှာ ၂ ပွဲသာထိုးသတ်ရသေးပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ် ရရှိထားပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းက နောက်ဆုံးပွဲအဖြစ် ထိုင်းနာမည်ကြီးဖိုက်တာ ဆမ်မင်ဒမ်နဲ့ ယှဥ်ပြိုင် ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ ထွန်းမင်းအောင်ကတော့ ONE Championship မှာ ၆ ပွဲ ထိုးသတ်ထားပြီး ၂ ပွဲနိုင်၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။ ထွန်းမင်းအောင်က ONE မှာ နောက်ဆုံး ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ထားသူဖြစ်လို့ ရှုံးပွဲမတွေ့ရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ နယူးဇီလန်ဖိုက်တာ တီတပ်စ် က ONE Championship မှာ တစ်ပွဲသာ ထိုးသတ်ထားရသေးပြီး ပြိုင်ဘက်ကို အလဲထိုးနဲ့ အနိုင်ရထားသူဖြစ်ပါတယ်။ (NVS 008)

08 Jun

ADVERTISE HERE .