“ပါကစ္စတန်နိုင်ငံ၌ စားရေရိက္ခာဖူလုံရေးဆိုင်ရာ မဟာဗျူဟာချမှတ်ဆောင်ရွက်”

08 Jun

ပါကစ္စတန်အစိုးရအနေဖြင့် နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေး၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် စိုက်ပျိုးသီးနှံများ မြှင့်တင်ထုတ်လုပ်ရေးအတွက် ပြီးပြည့်စုံသည့် မဟာဗျူဟာချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်က ဇွန်လ ၇ ရက်တွင် ပြောကြားသည်။ ပါကစ္စတန်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း နှင့်ပူးပေါင်းကာ ရောဂါပိုးမွှားကင်းပြီး အာဟာရပြည့်ဝသည့် အစားအသောက်များ ထုတ်လုပ်ရေးမြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကမ္ဘာ့စားရေရိက္ခာဘေးကင်းလုံခြုံရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ပြောကြားသည်။ စိုက်ပျိုးရေးနှင့်စားရေရိက္ခာ ဖူလုံရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် လယ်သမား များ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများ၊ သုတေသီများအား ဂုဏ်ပြုကြောင်း ၎င်းကမှတ်ချက်ပြုပြောကြား သည်။ ပါကစ္စတန်နိုင်ငံတွင် ယခုနှစ်ကျင်းပသည့် ကမ္ဘာ့စားရေရိက္ခာဘေးကင်းလုံခြုံရေးနေ့၏ဆောင်ပုဒ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အစားအသောက်မှတစ်ဆင့် ဖြစ်လာသည့် ရောဂါပိုးမွှားများကို ကာကွယ်မည် ဟု ၎င်းကပြောကြားသည်။ နိုင်ငံအတွင်း စိုက်ပျိုးမြေလုံလောက်စွာရှိခြင်း၊ အရင်းအမြစ်များ ကြွယ်ဝခြင်းနှင့် လုပ်ငန်းကျွမ်းကျင်သည့် လယ်သမားရှိခြင်း စသည့်အားသာချက်များရှိသကဲ့သို့ ရာသီဥတုပြောင်းလဲမှု၊ ရေရှားပါးမှု၊ လူဦးရေများပြားမှုနှင့် သုတေသနလုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ စသည့်အားနည်းချက်များရှိကြောင်း ၎င်းကပြောကြားသည်။ ယင်းအားနည်းချက်များကို ဖြေရှင်းဆောင်ရွက်ရေးအတွက် အမျိုးသားစားရေရိက္ခာဖူလုံရေးနှင့် သုတေသနဝန်ကြီး ဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံသားများအနေဖြင့် အစားအသောက်ဘေးကင်းရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ၎င်းကပန်ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

08 Jun

ADVERTISE HERE .