“ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများခေါ်ယူ”

08 Jun

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲ ရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆)အတွက် သင်တန်းသားများ ခေါ်ယူလျက် ရှိကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၆ ရက်မှစတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာသင်တန်းကျောင်းဝင်းအတွင်း ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ် ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများအား အခြေခံသင်ခန်းစာများ၊ ရုပ်စုံဖန်တီးရေးဆိုင်ရာ နည်းပညာများနှင့် လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်များကို အခမဲ့သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ အဆိုပါသင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။ လျှောက်ထားသူများက အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းရှိသူဖြစ်ပြီး ရုပ်သေးအနုပညာကို စိတ်ဝင်စားသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ လက်နှင့်မျက်စိအသုံးပြုရာတွင် အဆင်ပြေသူ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူဖြစ်ရမည်ဟု သတ်မှတ်ထားပါတယ်။ သင်တန်းသားဦးရေ ၁၅ ဦးသာ ရွေးချယ်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်။ သင်တန်း လျှောက်လွှာများကို ဇွန်လ ၈ ရက်မှစတင်၍ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရုံး၊ စိမ်းလန်းစိုပြည်ပန်းခြံ၊ အင်းယားလမ်း၊ ရန်ကုန်မြို့တွင် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားသူများအနေနဲ့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတို့ကို ပူးတွဲတင်ပြရမည်ဖြစ်ပြီး လျှောက်လွှာများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ ပေးပို့ရမှာ ဖြစ်ပါတယ်။ လူတွေ့စစ်ဆေးခြင်းကို ဇွန်လ ၂၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

08 Jun

ADVERTISE HERE .