“မြန်မာနိုင်ငံသား နှစ်ဦးအား အိန္ဒိယ၏ တစ်သက်တာဗီဇာပါဝင်တဲ့ OCI ကတ် ချီးမြှင့်”
08 Jun
မြန်မာနိုင်ငံမှ ဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးကို အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက်သွားလာခွင့် ရှိသော တစ်သက်တာဗီဇာပါဝင်တဲ့ ပြည်ပရှိ အိန္ဒိယနွယ်ဖွားသက်သေခံကတ်ပြား (OCI Card)များကို ထုတ်ပေး ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur က မန္တလေးမြို့၌ ကျင်းပသော အခမ်းအနားတွင် ဆရာတော် ဒေါက်တာပညာသာမိသို့ OCI ကတ်ကို ဆက်ကပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ၊ Sanatan Dharma Swayamsevak Sangh နှင့် Arya Samaj တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြင်ဦးလွင်မြို့မှာ ကျင်းပတဲ့ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ဥက္ကဋ္ဌ ဦးတင်လတ်ထံသို့လည်း OCI ကတ် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ OCI ကတ်က အိန္ဒိယနိုင်ငံသို့ အကြိမ်ကြိမ်ဝင်ထွက်သွားလာခွင့်ရှိတဲ့ တစ်သက်တာဗီဇာအဖြစ် အသုံးပြု နိုင်ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေးနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများတွင် အခွင့်အလမ်းများ ရရှိစေကြောင်း သိရပါတယ်။ OCI ကတ်လျှောက်ထားခြင်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အိန္ဒိယအစိုးရ၏ OCI ဝန်ဆောင်မှု ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ကြောင်း အိန္ဒိယသံရုံးက အသိပေးထားပါတယ်။ (NVS 004)