“နေပြည်တော်-တောင်ငူ မီးရထားလမ်းအဆင့်မြှင့်တင်မှုနှင့် မြို့ရှောင်ရထားလမ်းဖောက်လုပ်နေမှုအား နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး”
07 Jun
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များက နေပြည်တော် ပျဉ်းမနားဘူတာမှ RBE အထူးရထားဖြင့် နေပြည်တော်-တောင်ငူ မီးရထားလမ်းပိုင်းတစ်လျှောက် အဆင့်မြှင့်တင်ထားရှိမှုနှင့် တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်နေမှုတို့အား ဇွန်လ ၆ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက မီးရထားလမ်းပိုင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် မီးရထားပို့ဆောင်ရေး လုပ်ငန်းအား ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ အသုံးပြုခြင်းမရှိသော မီးရထားသံလမ်းများကို ပြန်လည်ထိန်းသိမ်းထားရှိရန်၊ ရထားသွားလာရေးစနစ်တွင် လမ်းများသည် အဓိကကျသည့်အတွက် လမ်းများ ကောင်းမွန်အောင် အလေးထားဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါတယ်။ တောင်ငူမြို့ရှောင်ရထားလမ်း ဖောက်လုပ်နေမှုနှင့်ပတ်သက်ပြီး မြို့ရှောင်ရထားလမ်းဖောက်လုပ်ရာတွင် ရေထွက်ပေါက်များနှင့် ရထားလမ်းတာပေါင်များ စနစ်တကျဖြင့် ခိုင်ခိုင်ခံ့ခံ့ဖြစ်စေရေးဆောင်ရွက်ရန်၊ ဘူတာသစ် ဆောက်လုပ်ရာ၌ နောင်တစ်ချိန်တွင် ဖြစ်ပေါ်တိုးတက်လာနိုင်သည့် မီးရထားခရီးစဉ်များနှင့် ခရီးသွားဦးရေကို ကြိုတင်တွက်ဆ၍ တွက်ချက်တည်ဆောက်သွားရန်လိုပြီး မီးရထားစင်္ကြံများနှင့် မီးရထားယာဒ်ဝန်းများကို စနစ်တကျ တည်ဆောက်သွားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။(NVS 004)