“အမေရိကန်၏ အရန်ရေနံစိမ်းပမာဏ အနိမ့်ဆုံးအဆင့်သို့ နီးကပ်လာ”
07 Jun
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုကွင်းဆက် အကြီးအကျယ်ပြတ်တောက်နေခြင်းကို ဖြည့်ဆည်းနိုင်ရန် ကမ္ဘာတစ်ဝန်းရှိ ရေနံချက်စက်ရုံများက အလုအယက်ဝယ်ယူသဖြင့် အမေရိကန်၌ အရန် ရေနံစိမ်းပမာဏ အနိမ့်ဆုံးအဆင့်သို့ သိသိသာသာ လျော့နည်းလာနေပြီဖြစ် ကြောင်းသိရသည်။ အမေရိကန်ရှိ ကူးရှင်းမြို့သည် ကမ္ဘာ့အကြီးဆုံး ရေနံသိုလှောင်မှုဗဟိုချက်များထဲတွင် အပါအဝင်ဖြစ်ပြီး စစ်ပွဲစတင်ချိန်တွင် အီရန်က ဟော်မုရေလက်ကြားကို ပိတ်လိုက်ခြင်းကြောင့် ရေနံသိုလှောင်ကန်များအတွင်းရှိ ရေနံပမာဏမှာ လျင်မြန်စွာ ကျဆင်းလာခဲ့ရခြင်းဖြစ်သည်။ ယခင်က တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း သန်း ၂၀ ခန့် ဖြတ်သန်းစီးဆင်းနေသည့် အဆိုပါရေလက်ကြား ပိတ်ဆို့ခံရမှုကြောင့် စစ်ပွဲစတင်ချိန်မှစ၍ ကမ္ဘာ့ရေနံ ထောက်ပံ့မှုကွင်းဆက်တွင် စည်ပေါင်းတစ်ဘီလီယံကျော် ဆုံးရှုံးရသည်။ မေလ ၂၉ ရက်အထိ ကူးရှင်းမြို့တွင် အရန်ရေနံစိမ်းစည်ပေါင်း ၂၂ ဒသမ ၄ သန်းခန့်သာ ကျန်ရှိတော့ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။