“ကူဝိတ်နှင့် ဘာရိန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်”
07 Jun
အမေရိကန်က အီရန်နိုင်ငံတောင်ပိုင်းရှိ ကက်ကျွန်းနှင့် ဆီရစ်ခရိုင်တို့ကို တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ယင်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ကူဝိတ်နှင့် ဘာရိန်းတို့ရှိ အမေရိကန်၏ စစ်အခြေစိုက်စခန်းများကို ဇွန်လ ၆ ရက် အစောပိုင်းတွင် တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကူဝိတ်ရှိ အလီအယ်ဆလမ်လေတပ်စခန်းနှင့် ဘာရိန်းရှိ အမေရိကန်ရေတပ်ဌာနချုပ်တို့ကို အမြင့်ပျံ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တရားဝင်သတင်းစာ တွင် ဖော်ပြထားသည်။ ထို့ပြင် ရေနံတင်သင်္ဘောလေးစင်းသည် အမေရိကန်စစ်ဘက်၏ လမ်းညွှန်မှုဖြင့် အစောင့်တပ်ဖွဲ့ရေတပ်၏ သတိပေးချက်ကို လျစ်လျူရှုပြီး ဟော်မုရေလက်ကြားမှ တရားမဝင်ထွက်ခွာရန် ကြိုးပမ်းခဲ့သောကြောင့် သတိပေးပစ်ခတ်မှုများ ပြုလုပ်လိုက်ရသည်ဟု အီရန်ဘက်ကဆိုသည်။ ယင်းနောက် အမေရိကန်ဒရုန်းများက အီရန်ဆက်သွယ်ရေးတာဝါတိုင်များကို လာရောက်တိုက်ခိုက်သဖြင့် ယခုကဲ့သို့ လက်တုံ့ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပျက်စီးကာ လူတစ်ဦးသေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိသဖြင့် ဒေသတွင်းစစ်ရေးတင်းမာမှုများ ပိုမို မြင့်တက်လာလျက်ရှိကြောင်း လေ့လာသူများက ပြောသည်။