“လက်ဘနွန်-အစ္စရေး အပစ်ရပ်ရေး ကြေညာချက်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကြိုဆို”
05 Jun
လက်ဘနွန်နှင့် အစ္စရေးတို့၏ အပစ်ရပ်ရေးကြေညာချက်ကို ကြိုဆိုကြောင်းနှင့် ဘက်ပေါင်းစုံက အပစ်ရပ်ရေး သဘောတူညီချက်ကို အပြည့်အဝလေးစားလိုက်နာပြီး နိုင်ငံတကာဥပဒေ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဇွန်လ ၄ ရက်တွင် ပြောခွင့်ရပုဂ္ဂိုလ် Stphane Dujarric မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် လက်ဘနွန်-အစ္စရေး အပစ်ရပ်ရေးကို ဂူတာရက်စ် က ကြိုဆိုကြောင်းနှင့် ရန်လိုသည့် လှုပ်ရှားမှုများ အဆုံးသတ်ရေး၊ နယ်စပ်နှစ်ဖက်ဒေသပြည်သူများ၏ ဒုက္ခဆင်းရဲပြေလျော့စေရေးကို ရည်ရွယ်သည့် ကြိုးပမ်းမှုမှန်သမျှကို ကုလသမဂ္ဂအနေဖြင့် အားပေးထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစိုးရမဟုတ်သည့် အခြားအဖွဲ့အစည်းများအနေဖြင့် လက်ဘနွန်အစိုးရက နယ်မြေတစ်ခုလုံးအား စီမံထိန်းချုပ်သော ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရန် ဂူတာရက်စ် က ထပ်မံတိုက်တွန်းပြီး အစ္စရေးအနေဖြင့် လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားကာ လက်ဘနွန် နယ်နိမိတ်အတွင်းမှ စစ်တပ်များကိုရုပ်သိမ်းရန် တိုက်တွန်းကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ ကုလသမဂ္ဂအနေဖြင့် အပစ်ရပ်ရေးကို မြှင့်တင်ရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအမှတ် ၁၇၀၁ ဆုံးဖြတ် ချက်ကို ဘက်စုံအကောင်အထည်ဖော်ရန် တွန်းအားပေးသည့် သံတမန်ရေးကြိုးပမ်းမှုမှန်သမျှကို ကုလသမဂ္ဂအနေဖြင့် ထောက်ခံအားပေးကြောင်း၊ ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်ရန်၊ အပစ်ရပ်ရေးသဘောတူညီချက်က ရေရှည် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုရန် ဂူတာရက်စ် က မျှော်လင့်ကြောင်းသိရသည်။ လက်ဘနွန်၊ အစ္စရေး၊ အမေရိကန် ကိုယ်စားလှယ်များသည် စတုတ္ထအကြိမ်မြောက် သုံးပွင့်ဆိုင် အဆင့်မြင့် ဆွေးနွေးပွဲကို ဇွန်လ ၂ ရက်မှ ၃ ရက်အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါသုံးနိုင်ငံက ဇွန် ၃ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ လက်ဘနွန်၊ အစ္စရေးက အပစ်ရပ်ရေးကို သဘောတူညီကြောင်း၊ ယင်းအတွက် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က ထိုးစစ်ဆင်မှုကို အပြည့်အဝ ရပ်ဆိုင်းရမည်ဖြစ်ပြီး လီတာနီမြစ် တောင်ဘက်ဒေသမှ အပြည့်အဝဆုတ်ခွာရန်လိုအပ်ကြောင်း ဖော်ပြထားသည်။ (Repost from Xinhua)