“စကုမြို့ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ ၂၀၈ ဦး တက်ရောက် ပညာသင်ကြား”

05 Jun

မကွေးတိုင်းဒေသကြီး၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/သူ စုစုပေါင်း ၂၀၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရပါတယ်။ ကျောင်း၏ ပထမနှစ် Grade-10 တွင် စက်မှုဘာသာရပ် ၂၇ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၇ ဦးနှင့် မွေးမြူရေး ဘာသာရပ် ၃ ဦး တက်ရောက်လျက်ရှိပြီး ဒုတိယနှစ် Grade-11 တွင် စက်မှုဘာသာရပ် ၄၆ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၂၅ ဦးနှင့် မွေးမြူရေးဘာသာရပ် ၁၃ ဦး တက်ရောက်လျက်ရှိကာ တတိယနှစ် Grade-12 တွင် စက်မှုဘာသာရပ် ၄၉ ဦး၊ စိုက်ပျိုးရေးဘာသာရပ် ၂၂ ဦးနှင့် မွေးမြူရေးဘာသာရပ် ၇ ဦး တက်ရောက်သင်ကြားလျက်ရှိပါတယ်။ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး မေဂျာဘာသာရပ်များ အပြင် အခြေခံပညာသင်ရိုးများကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။ အဆိုပါကျောင်းများတွင် သုံးနှစ်တာကာလအတွင်း စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်သင်ကြားမှုစနစ်ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြုကာ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင် နည်းပြ ဆရာ၊ ဆရာမများက စနစ်တကျသင်ကြားပေးလျက်ရှိပါတယ်။ ပညာသင်ကာလ ပြီးဆုံးအောင်မြင်သည့် ကျောင်းသား/သူများအနေနဲ့ သတ်မှတ်ထားသည့် တက္ကသိုလ်နှင့် ကောလိပ်များသို့ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည့်အပြင် သက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

05 Jun

ADVERTISE HERE .