“ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက် သုံးလုံးအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်”

05 Jun

ကချင်ပြည်နယ် ချီဖွေမြို့ အနောက်တောင်ဘက် ခြောက်မိုင်ခန့်အကွာ ချီဖွေချောင်းပေါ်တွင် တည်ဆောက် ထားသော ဓာတ်အားပေးစက် သုံးလုံးအား အလှည့်ကျရပ်တန့်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တပ်ဆင်အင်အား ၃၃ မဂ္ဂါဝပ်ရှိသော ဓာတ်အားပေးစက် သုံးလုံး၊ စုစုပေါင်းတပ်ဆင်အင်အား ၉၉ မဂ္ဂါဝပ် ရှိသည့် စက်ရုံဖြစ်ပြီး Run-Off River Type စက်ရုံ အမျိုးအစား ဖြစ်သည်နှင့်အညီ ရေဝင်ရောက်မှုအရ ဓာတ်အားထုတ်လုပ်မောင်းနှင်နေသော စက်ရုံတစ်ရုံဖြစ်ပါတယ်။ အဆိုပါစက်ရုံမှထွက်ရှိလာသည့် ဓာတ်အားကို ဝိုင်းမော်ပင်မ ဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော် ဓာတ်အား စနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားပို့လွှတ်နိုင်ခဲ့သော်လည်း ၂၃၀ ကေဗွီ အုန်းတော-ရွှေဘို-နဘား ဓာတ်အားလိုင်း ချွတ်ယွင်းပြီး နယ်မြေအခြေအနေကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်မှစ၍ ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်မှု မရှိသော်လည်း မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း စသည့်မြို့များတွင် နေထိုင်ကြသော ပြည်သူလူထုများ လျှပ်စစ်မီး ရရှိရေးအတွက် သီးသန့်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိတာကြောင့် ဒေသတွင်း လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး ကချင်ပြည်နယ်အတွက် အရေးပါသော စက်ရုံတစ်ရုံ ဖြစ်ပါတယ်။ လာမည့် မိုးရာသီကာလတွင် ဓာတ်အားပေးစက်သုံးလုံးအား စက်စွမ်းအားပြည့် မောင်းနှင်နိုင်ရန်နှင့် ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ စက်မှု/လျှပ်စစ်ပိုင်းဆိုင်ရာ ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို နှစ်စဉ် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ဓာတ်အားပေးစက်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက် မှ မေလ ၁၄ ရက်အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီး အမှတ်(၃)ဓာတ်အားပေးစက်ကို မေလ ၁၅ ရက်မှ ဇွန်လ ၁၃ ရက်အထိ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အမှတ် (၂) ဓာတ်အားပေးစက်ကိုလည်း ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၃ ရက်အထိ ဆက်လက်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

05 Jun

ADVERTISE HERE .