“အာဆင်နယ်အသင်းရဲ့ မြို့လှည့်အောင်ပွဲခံအခမ်းအနားမှာ ပရိသတ်စံချိန်တင် ပါဝင်ဆင်နွှဲ”
02 Jun
ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းရဲ့ လန်ဒန်မြို့အတွင်း လှည့်လည်အောင်ပွဲခံတဲ့ အခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ပရိသတ် ၁ ဒသမ ၅ သန်းအထိရှိပြီး စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၂ နှစ်ကြာမှ ပြန်လည် ရယူနိုင်ခဲ့သလို၊ အာဆင်နယ်အမျိုးသမီးအသင်းကလည်း အမျိုးသမီးချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာကြောင့် နှစ်သင်းအတူ လှည့်လည်အောင်ပွဲခံခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အောင်ပွဲခံအခမ်းအနားမှာ အာဆင်နယ်ပရိသတ် ၁ သန်းဝန်းကျင် ပါဝင်ဆင်နွှဲလိမ့်မယ်လို့ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က အစောပိုင်းကတည်းက ခန့်မှန်းထားခဲ့ပြီး လက်တွေ့မှာတော့ အာဆင်နယ်အသင်းရဲ့ မြို့လှည့်အောင်ပွဲခံ အခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ပရိသတ်အရေအတွက်က ၁ ဒသမ ၅ သန်းအထိ ရှိခဲ့တာကြောင့် လန်ဒန်မြို့အတွင်း ပရိသတ်အများဆုံး ပါဝင်ဆင်နွှဲတဲ့ လှည့်လည်အောင်ပွဲခံမှုအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)