“ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့တဲ့ ဂျိမ်းစ်မီလ်နာ”
02 Jun
ပရီးမီးယားလိဂ်ရဲ့ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာ ဟာ ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မီလ်နာ ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၅၈ ပွဲကစားကာ ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့အသင်းတွေက လိဒ်စ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီး၊ လီဗာပူးလ်နဲ့ ဘရိုက်တန်တို့ ဖြစ်ပါတယ်။ မီလ်နာ ဟာ အသက် ၁၆ နှစ်အရွယ်မှာ ပရီးမီးယားလိဂ်ကစားသမားဘဝကို အစပြုခဲ့သူဖြစ်ပြီး အခု အသက် ၄၀ အရွယ်မှာ အနားယူဖို့ ဆုံးဖြတ်လိုက်တာကြောင့် ပရီးမီးယားလိဂ်မှာ ဖြတ်သန်းခဲ့တဲ့ ကာလကလည်း ၂၄ နှစ်ရှိခဲ့ပါတယ်။ မီလ်နာ က မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလားနှစ်လုံး၊ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ဖလားအပြင် ချန်ပီယံလိဂ်ဖလားလည်း ရရှိခဲ့ပြီး အက်စတွန်ဗီလာမှာ ကစားစဉ် PFA အကောင်းဆုံးလူငယ် ကစားသမားဆုလည်း ရရှိခဲ့ပါတယ်။ (NVS 008)