“ယူကရိန်းအကျပ်အတည်းအား ဆွေးနွေးညှိနှိုင်းမှုဖြင့်ဖြေရှင်းရန် တရုတ်တိုက်တွန်း”
29 May
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေ က မေလ ၂၈ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယူကရိန်းအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးမှုအတွင်း ဆွေးနွေးညှိနှိုင်းမှုဖြင့် ပဋိပက္ခများအားဖယ်ရှားရန် တိုက်တွန်းခဲ့သည်။ ယူကရိန်းအကျပ်အတည်း ကြာရှည်နေပြီး လတ်တလောကာလတွင် မြေပြင်အခြေအနေသည် အရှိန်လျော့ကျ လာခြင်းမရှိသည့်အပြင် ပိုမိုဆိုးရွားလာကာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအသစ်များ အဆက်မပြတ်ဖြစ်ပွား လာရာ ရင်နင့်ဖွယ်ကောင်းကြောင်း၊ ထိုကဲ့သို့အခြေအနေ ဆက်လက်ဖြစ်ပွားနေ၍ မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အချင်းဖြစ်ပွားသူများက အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်၍ ငြိမ်းချမ်းရေးနှင့် ပြည်သူကို အလေးထားကာ အပစ်ရပ်၍ စစ်ပွဲအဆုံးသတ်ရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို တင်းကျပ်စွာလိုက်နာရန်၊ အရပ်သားပြည်သူနှင့် အရပ်ဘက်သုံး အခြေခံအဆောက်အအုံများအား တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်၊ အခြေအနေအမြန်ဆုံး အရှိန်ပြေလျော့လာရေးကို တွန်းအားပေးရန်တိုက်တွန်းကြောင်း ၎င်းက ပြောကြား ခဲ့သည်။ အကျပ်အတည်းအားဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း၊ အရပ်သားပြည်သူများအား ကာကွယ်ခြင်း အတွက် အရင်းခံအကျဆုံးမှာ ဆွေးနွေးညှိနှိုင်းမှုဖြင့် ပဋိပက္ခများအား ဖယ်ရှားခြင်းပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လမ်းသည် ခက်ခဲကြမ်းတမ်းသော်လည်း ဆွေးနွေးညှိနှိုင်းမှုသည် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ကောင်းမွန်သလို ငြိမ်းချမ်းရေးဆွေးနွေးမှုသည် စစ်ပွဲထက်ကောင်းမွန်ကြောင်း ၎င်းက ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုမှန်သမျှအား ထောက်ခံအားပေးကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် ထိတွေ့မှုကို ဆောလျင်စွာပြန်လည်ဖော်ဆောင်ပြီး ဆက်လက်ဆွေးနွေးညှိနှိုင်းရန်၊ နိုင်ငံရေး ဆန္ဒများ အပြန်အလှန်ဖော်ပြပြီး အပြန်အလှန်က ကျိုးကြောင်းဆီလျော်သော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခြေခံမူအား အပြည့်အဝလိုက်နာသည့် အခြေခံတွင် အကျပ်အတည်းအရင်းအမြစ်အား ဖယ်ရှားရန်၊ ဘက်စုံဖြစ်သော၊ ရေရှည်ဖြစ်သော၊ ထိန်းချုပ်ကန့်သတ်မှုရှိသော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်းရန်မျှော်လင့်ကြောင်း စွန်းလေ က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ငြိမ်းချမ်းရေးလင်းရောင်ခြည် ဆောလျင်စွာရရှိမှုကို တွန်းအားပေးရန်၊ အကျပ်အတည်း နိုင်ငံရေးအရ ဆောလျင်စွာဖြေရှင်းနိုင်ရေးအား အကောင် အထည်ဖော်နိုင်ရန်အတွက် မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)