“ပြည်တွင်း၌ Operating System နှင့် Software များ အမှီအခိုကင်းစွာထုတ်လုပ်နိုင်ရေး ရုရှားကုမ္ပဏီနှင့် ဆွေးနွေး”
23 May
ပြည်တွင်း၌ Operating System နှင့် Software များ အမှီအခိုကင်းစွာထုတ်လုပ်နိုင်ရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားကုမ္ပဏီတစ်ခုတို့ ဆွေးနွေးခဲ့မှုများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ရောက်ရှိနေတဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က မေလ ၂၁ ရက် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆွေးနွေးပွဲ၌ ရုရှားကုမ္ပဏီဖြစ်တဲ့ Astra Group ကုမ္ပဏီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် Operating System နှင့် Software များ အမှီအခိုကင်းစွာထုတ်လုပ်နိုင်ရေးအတွက် Astra Group ကုမ္ပဏီမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့ပေးနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ သုတေသနပြုနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံရှိ Moscow Technical University of Communications and Informatics(MTUCI)နှင့် Naypyitaw State Polytechnic University(NSPU) တို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက Digitalization of Industrial Russia 2026 ပြပွဲတွင် ခင်းကျင်းပြသ ထားသော ပြခန်းများအား သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး အဆိုပါပြခန်းများတွင် ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီ များက လူမှုစီးပွားဘဝကဏ္ဍစုံတွင် ဉာဏ်ရည်တုနည်းပညာ၊ ဇီဝအချက်အလက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေး နည်းပညာများ အသုံးပြုဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးနှင့်ဆက်စပ်ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်နေမှု၊ အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ် Application များကို ရုရှားနိုင်ငံ၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ Digital Twin နည်းပညာကို ဆောက်လုပ်ရေး၊ မြို့ပြစီမံခန့်ခွဲမှုတွင် အသုံးပြုဆောင်ရွက်နေမှု၊ ဇီဝအချက်အလက် နည်းပညာကို နယ်ပယ်စုံတွင် အသုံးချဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ပါတယ်။(NVS 004)