“ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ တစ်ရက်တည်းမှာ ငလျင် ၄ ကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့”

19 May

မြန်မာနိုင်ငံတစ်ဝန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်မှာ မေလ ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော မြေငလျင်များ (၄) ကြိမ်ဆက်တိုက် လှုပ်ခတ်သွားကြောင်း ကမ္ဘာ့ငလျင်တိုင်းထွာချက်မှတ်တမ်းများအရ သိရပါတယ်။ မေလ ၁၈ ရက်နံနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်များအနက် အပြင်းထန်ဆုံးအဖြစ် ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုသည် နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က သန်လျင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ၃၆ ကီလိုမီတာခန့်အကွာ (ကျောက်တန်းမြို့အနီး ပင်လယ်ပြင်) ကို ဗဟိုပြု၍ မြေအောက်အနက် ၁၀ ကီလိုမီတာကို စတင်လှုပ်ခတ်ခဲ့ပါတယ်။ အဆိုပါငလျင်ကြောင့် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစုမှာ သိသိသာသာ ပြင်းထန်စွာတုန်ခါသွားခဲ့ပြီး ပြည်သူများ အလန့်တကြား ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် နောက်ဆက်တွဲငလျင်များအဖြစ် နံနက် ၈ နာရီ ၄၈ မိနစ်ခန့်တွင် မြန်မာ့တောင်ဘက် ကမ်းရိုးတန်းအနီးကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၃ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု၊ တတိယအကြိမ်အဖြစ် နံနက် ၁၁ နာရီ ၆ မိနစ်ခန့်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea) အတွင်းကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၂ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု၊ စတုတ္ထအကြိမ်အဖြစ် မွန်းတည့် ၁၂ နာရီ ၃၁ မိနစ်ခန့်မှာ မုံရွာမြို့၏ အနောက်ဘက် ၆၀ ကီလိုမီတာခန့် အကွာ မြေအောက်အနက် ၉၇ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း မှတ်တမ်းများအရ သိရပါတယ်။ (NVS 004)

19 May

ADVERTISE HERE .