“အာဆီယံ-ဩစတြေးလျဖိုရမ်နှင့် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်”
19 May
(၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ဖိုရမ်နှင့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲ တို့သို့ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကနေ ၁၃ ရက်အထိ ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ် ဆစ်ဒနီမြို့၌ ကျင်းပခဲ့တဲ့ (၃၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျဖိုရမ်နှင့် နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် ခရိုက်စ်ချာ့ချ်မြို့၌ မေလ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲကို အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့် အရာရှိကြီးကိုယ်စား ကင်ဘာရာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းက ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံ (၁၁) နိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ အာဆီယံဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ အာဆီယံ-ဩစတြေးလျဖိုရမ်၌ အာဆီယံအဖွဲ့အစည်းနှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအပေါ် ဆွေးနွေး ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းခြင်း၊ နိုင်ငံတကာနှင့်ဒေသတွင်းဆိုင်ရာ ကိစ္စရပ် များအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ လာမည့်အနာဂတ်ကာလများမှာ ကျင်းပရန်ရှိတဲ့ အစည်းအဝေးများနှင့်စပ်လျဉ်း၍ ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ-ဩစတြေးလျ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ လူမှုယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအောက်ရှိ ပညာရေး၊ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ဦးဆောင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီနောက် အာဆီယံ-နယူးဇီလန်ဆွေးနွေးပွဲမှာ ၂၀၂၆ ခုနှစ်အတွင်း ဒေသတွင်းနှင့်နိုင်ငံတကာမှာ ဖြစ်ပေါ် နေတဲ့ ပထဝီဝင်မဟာဗျူဟာ အခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခြင်း၊ ဒေသတွင်းဦးစားပေး လုပ်ငန်း စဉ်များအပေါ် ဆွေးနွေးခြင်း၊ အာဆီယံ-နယူးဇီလန်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက်ဆွေးနွေးခြင်းအပါအဝင် ၂၀၂၆-၂၀၂၇ ခုနှစ် အတွင်း ပူးပေါင်းဆောင်ရွက်သွားမည့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ-နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် ၂၀၂၆-၂၀၃၀ မူဘောင်အောက်မှ မဏ္ဍိုင်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍအောက်ရှိ အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု လုပ်ငန်းအစီအစဉ်(၅)၊ အာဆီယံ ဆက်သွယ်ချိတ်ဆက်မှု မဟာဗျူဟာအစီအစဉ်နှင့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုများဖြစ်တဲ့ ရေအရင်းအမြစ်များ၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အဦဆိုင်ရာကဏ္ဍမှာ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)