“ပြင်ဦးလွင်ရှိ အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင် တည်ဆောက်နေ”
19 May
တစ်နေ့လျှင် ခရီးသွား ၁,၀၀၀ ဦးခန့် ဝင်/ထွက်သွားလာနိုင်ရန် ပြင်ဦးလွင်ရှိ အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါလေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဟာ ပြည်တွင်းခရီးစဉ်များအတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သလို ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ပြင်ဦးလွင်ဒေသမှထွက်ရှိတဲ့ သစ်သီးများနှင့် ပန်းမန်များကို အခြားဒေသများသို့ လွယ်ကူလျင်မြန်စွာနဲ့ သယ်ယူပို့ဆောင်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မေလ ၁၇ ရက်မှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ကြည့်ရှုစစ်ဆေးခဲ့ရာမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် လေဆိပ်အသစ် တည်ဆောက်ထားမှုအခြေအနေအရ တစ်ရက်လျှင်ခရီးသွား ၁,၀၀၀ ခန့် ဝင်ထွက် နိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လေဆိပ်အတွင်း ခရီးသွားပြည်သူများ နားနေရန်အတွက် ထိုင်ခုံနေရာချထားမှု များကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်းဖြစ်စေရေး စနစ်တကျတွက်ချက်တည်ဆောက်၍ အဆင့်မြှင့်တင်သွားရန် လိုအပ်ကြောင်း၊ လေဆိပ်မှာ လေယာဉ်ဆင်းသက်မှုနှင့် ထွက်ခွာမှုများ အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ လေဆိပ်ပတ်ဝန်းကျင် စိမ်းလန်းသာယာမှုရှိစေရေးအတွက် သစ်ပင်များကို စိုက်ပျိုး သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ လေယာဉ်ကွင်းအဆင့်မြှင့်တင်ရာမှာ အရည်အသွေးပြည့်မီမှု ရှိစေရေးအတွက် အရည်အသွေး စစ်ဆေးထိန်းသိမ်းရေးအဖွဲ့နဲ့ စနစ်တကျဆောင်ရွက်လျက်ရှိသလို လေဆိပ်အဆောက်အဦသစ် တည်ဆောက်ခြင်း၊ လေယာဉ်ရပ်နားရန် နေရာသစ်တည်ဆောက်ခြင်း၊ လေဆိပ်အဝင်လမ်းနှင့် လေဆိပ်ဝန်းကျင် အဆင့်မြှင့်တင်ခြင်း၊ လေကြောင်းထိန်းမျှော်စင်အသစ် တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)