“အီရန်အနေဖြင့် ဟော်မုရေလက်ကြားကို ပြန်ဖွင့်ပေးရမည်ဟု ရှီကျင့်ဖျင် က သဘောတူကြောင်း ထရမ့် ပြော”

17 May

အီရန်နိုင်ငံအနေဖြင့် ဟော်မုရေလက်ကြားကို မဖြစ်မနေပြန်ဖွင့်လှစ်ပေးရမည် ဆိုသည့်အချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် က သဘောတူကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြောသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ပြန်လာသည့်ခရီးစဉ်တွင် သမ္မတ ထရမ့် က အီရန်မှ ရေနံဝယ်ယူနေသည့် တရုတ်ရေနံကုမ္ပဏီများအပေါ် ချမှတ်ထားသော အမေရိကန်၏ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် စဉ်းစားနေကြောင်းပြောသည်။ သို့သော် တရုတ်နိုင်ငံအနေဖြင့် အီရန်စစ်ပွဲဖြစ်ပွားမှုအပေါ် စိတ်ပျက် မိကြောင်း၊ ထိုစစ်ပွဲသည် မည်သည့်အခါမျှ မဖြစ်သင့်သည့်ပဋိပက္ခဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံက ပြီးခဲ့သည့်လတွင် တိုက်ခိုက်မှုများရပ်တန့်သော်လည်း အီရန်၏ဆိပ်ကမ်းများကို စတင်ပိတ်ဆို့ရာ အမေရိကန်ဘက်က ပိတ်ဆို့မှုမရုပ်သိမ်းသမျှ ရေလက်ကြားကို ပြန်ဖွင့်ပေးမည်မဟုတ်ကြောင်း အီရန်ကပြောသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရတ်ချီ ကလည်း တရုတ်နိုင်ငံ၏ ပါဝင်ကူညီမှုကိုကြိုဆိုကြောင်း၊ အမေရိကန်နှင့်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အသင့်ရှိကြောင်းပြောသည်။ စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေး မှုများသည် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက ရပ်တန့်နေခဲ့ပြီး ပဋိပက္ခဖြေရှင်းနိုင်ရေးတွင် တိုးတက်မှုမရှိခြင်းကြောင့် ရေနံဈေးနှုန်းများပြန်လည် မြင့်တက်လာကြောင်းသိရသည်။

17 May

ADVERTISE HERE .