“လာမည့်ရာသီပေါ် ဆီထွက်သီးနှံများအတွက် အာမခံဈေးနှုန်းသတ်မှတ်”

17 May

လာမည့်ရာသီတွင် ထွက်ရှိမည့် မြေပဲ၊ နှမ်းဖြူ၊ နှမ်းညို စတဲ့ ဆီထွက်သီးနှံများအတွက် အာမခံဈေးနှုန်း များကို သတ်မှတ်ဖွင့်လှစ်ပေးထားကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေနဲ့ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးလာစေရန် ရည်ရွယ်ပြီး အာမခံဈေးနှုန်းများကို သတ်မှတ်ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက် လုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။ လာမည့် သီးနှံပေါ်ရာသီတွင် ပစ္စည်းအရည်အသွေးပေါ်မူတည်၍ မြေပဲအတောင့် တစ်တင်းလျှင် ငွေကျပ် ၄၀,၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ငွေကျပ် ၁၃၀,၀၀၀ မှ ၁၅၀,၀၀၀ အထိနှင့် နှမ်းညို တစ်တင်းလျှင် ငွေကျပ် ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ အထိ သတ်မှတ်ခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်း သီးနှံစုံစိုက်ဧက ၆၄ သိန်းကျော်ရှိပြီး စိုက်ဧက ၂၇ သိန်းကျော်ရှိကာ စုစုပေါင်းစိုက်ဧက၏ ၄၂ ရာခိုင်နှုန်းရှိပါတယ်။ လက်ရှိတွင် မကွေးတိုင်းဒေသကြီး၌ မိုးစတင်ရွာသွန်းလာပြီး မြေပဲ၊ နှမ်းနှင့် နေကြာများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍတွင် အခွင့်အလမ်းများရှိနေသော်လည်း စွမ်းအင်အခက်အခဲများရှိခြင်း၊ တန်ဖိုးမြှင့်တင်နိုင်မှု အားနည်းခြင်း၊ စက်ပစ္စည်းများ ခေတ်မီတိုးတက်ရန် လိုအပ်နေခြင်းနှင့် ဈေးကွက်ဆိုင်ရာ စိန်ခေါ်မှုများလည်း ရှိနေတာဖြစ်ပါတယ်။ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှု လုံလောက်မှုမရှိသေးဘဲ ပြည်ပနိုင်ငံများမှ ထုတ်လုပ်သည့် စားအုန်းဆီများကို လက်ရှိအချိန်ထိ တင်သွင်းနေရဆဲဖြစ်ပါတယ်။(NVS 004)

17 May

ADVERTISE HERE .