“အကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့ မန်ယူအသင်းနည်းပြ ကာရစ်”
16 May
ပရီးမီးယားလိဂ် တစ်ရာသီအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်နည်းပြ ၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ မန်ယူအသင်းယာယီနည်းပြ မိုက်ကယ်ကာရစ် ရဲ့အမည်လည်း ပါဝင်လာပါတယ်။ ကာရစ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာ မန်ယူအသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ အာမိုရင် ရဲ့နေရာမှာ အစားထိုးဝင်ရောက်ခဲ့သူဖြစ်ပြီး မန်ယူအသင်းကို ၂၅ ပွဲသာ တာဝန်ယူခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အခုရာသီမှာ အကောင်းဆုံးနည်းပြဆုအတွက် ချန်ပီယံဆုရဖို့ကြိုးစားနေတဲ့ အာဆင်နယ်အသင်း နည်းပြ အာတီတာ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာ တို့နဲ့အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ တစ်ရာသီ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်နေတဲ့ နောက်ထပ်နည်းပြတွေကတော့ ရာသီအကုန်မှာ ဘုန်းမောက်အသင်းကနေ ထွက်ခွာတော့မယ့် အိုင်ရာအိုလာ၊ ဘရန့်ဖို့ဒ်အသင်းနည်းပြ အန်ဒရူးစ် နဲ့ ဆန်းဒါးလန်း အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ကျန်ရှိနေအောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြ လီဘရစ် တို့ဖြစ်ပါတယ်။(NVS 008)