“ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်ခြင်းများ စတင်”
15 May
မိုးဦးကာလရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း အဘိတ်ဆေး ခပ်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ အခုလိုဆေးခပ်ခြင်းကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေနဲ့ ရပ်ကွက်များအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်နဲ့ ရေတင်ကျန်နိုင်တဲ့ နေရာတိုင်းမှာ အဘိတ်ဆေးခတ်ခြင်း၊ ဆေးစိမ်ခြင်ထောင်များ စနစ်တကျသုံးစွဲရန် ပညာပေးခြင်း၊ "ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ်ငန်းစဉ်များနဲ့ ခြင်ကျားအန္တရာယ်ကို ကာကွယ်ရန် တိုက်တွန်းခြင်းများကို အသိပညာပေးဝေခဲ့ကြကြောင်း သိရပါတယ်။ မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများကို မိဘပြည်သူများအနေဖြင့် နွေးထွေးစွာ ကြိုဆိုကူညီပေးကြပါရန်နှင့် ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်များကို မိမိတို့အိမ်တိုင်ရာရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။( NVS 004)