“ရက်(၁၀၀)စီမံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အတွင်းရှိ ကျေးရွာနေပြည်သူများအတွက် မြေငှား ဂရန်များ ကွင်းဆင်းထုတ်ပေး”
14 May
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အတွင်းရှိ ကျေးရွာနေပြည်သူများအတွက် အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်များကို ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မြေငှားဂရမ်များထုတ်ပေးမှုကို အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတို့ ပူးပေါင်းကွင်းဆင်းဆောင်ရွက်လျက် ရှိရာ မေလ ၁၂ ရက်က အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ တောင်ယဉ်ပုံကျေးရွာရှိ အောင်ချမ်းသာဓမ္မာရုံ၌ မြေငှားဂရန်များ ကွင်းဆင်းထုတ်ပေးခြင်းနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးတင်ကိုလင်း က ပုံမှန်လုပ်ငန်းစဉ် များမှာ အချိန်ယူဆောင်ရွက်ရသော်လည်း ယခုကဲ့သို့ စီမံချက်နှင့် ဆောင်ရွက်သည့်အတွက် ရက်တိုတိုအတွင်း အချိန်နှင့်ငွေကြေး ကုန်ကျမှုသက်သာစွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယခုမြေငှားဂရန်အတွက် ပေးဆောင်နေသည့် နှုန်းထားမှာ နည်းပါးသော်လည်း ပြန်လည်ရရှိမည့်အကျိုးအမြတ်မှာ မိမိတို့အတွက် များစွာခိုင်မာမှုရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ မြေငှားဂရန်လျှောက်ထားရာတွင် မှတ်ပုံတင်အိမ်ထောင်စုဇယားနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်များ လိုအပ်ကြောင်းနှင့် ဝန်ဆောင်ခနှုန်းထားများမှာလည်း ပြည်သူများအတွက် အထူးသက်သာသော နှုန်းထားများဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အစိုးရသစ်လက်ထက်တွင် ပြည်သူများ၏ မြေယာ ပိုင်ဆိုင်မှု ခိုင်မာစေရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ ရက်(၁၀၀) စီမံချက်ဖြင့် မြေပြင်ကွင်းဆင်း၍ ဂရန်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)