“ပြည်ပသို့ ရေငန်ထွက်ကုန်ပစ္စည်း အေးခဲတင်ပို့မှုထက် အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားငွေတိုးမြင့်ရရှိနိုင်မည်”

14 May

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်တို့မှ ပြည်ပသို့ ရေငန်ထွက်ကုန်များကို အေးခဲ၍ နှစ်စဉ် တင်ပို့လျက်ရှိရာ တိုက်ရိုက်အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေပိုမိုရရှိလာနိုင်သလို ရေထွက်ကုန်အရှင်တင်ပို့သော ဈေးကွက်သစ်တစ်ခု ရရှိလာနိုင်ကြောင်း ငါလုပ်ငန်းဦးစီးဌာနမှသိရပါတယ်။ ပြည်ပသို့ ရေငန်ထွက်ကုန် ငါး၊ ပုစွန်တင်ပို့ရာတွင် တနင်္သာရီတိုင်းဒေသကြီးက အခြားဒေသတို့ထက် နှစ်စဉ် တိုးမြှင့်တင်ပို့လျက်ရှိရာ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်၌ တစ်နိုင်ငံလုံးရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့်ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ရေထွက်ပစ္စည်းတင်ပို့မှုမှ ၃၀၃ ဒသမ ၆၂ သန်းအထိ ရရှိခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ကျွန်းစု၊ ပုလောနှင့် ကော့သောင်းမြို့နယ်တို့၌ ပုစွန်၊ ကျောက်ငါး၊ ကကတစ်၊ ကဏန်းပျော့၊ ဂျင်းခရုနှင့် ပင်လယ်ရေမှော်တို့ကို မွေးမြူထုတ်လုပ်၍ ပြည်ပသို့ တင်ပို့လျက်ရှိပါတယ်။ ဒါ့အပြင် မြိတ်ကျွန်းစုမွေးမြူရေးကန်များမှထွက်ရှိတဲ့ ပနားမီးပုစွန်ဖြူများကို တရုတ်နှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံသို့ ပြုတ်ထားသောပနားမီးပုစွန်နှင့် ဂျပန်သို့အေးခဲပြုလုပ်၍ ရေလမ်းကြောင်းမှတဆင့် တင်ပို့လျက်ရှိ ပါတယ်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးမှ ငါး၊ ပုစွန်နှင့် ဂျင်းခရုအရှင်များကို မြိတ်မှ ထိုင်းနိုင်ငံသို့တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ဆက်လက်တင်ပို့လျက်ရှိရာ ကုန်ကျစရိတ်များမှုကြောင့် အမြတ်နည်း သော်လည်း ကုန်စည်စီးဆင်းမှုမပြတ်စေရန် ဆက်လက်တင်ပို့လျက်ရှိနေတယ်လို့ သိရပါတယ်။ (NVS-004)

14 May

ADVERTISE HERE .