“ပင်လယ်ပြင်ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံနှင့် စေ့စပ်ဆွေးနွေးမှု ပြုလုပ်မည်မဟုတ်ဟု ကမ္ဘောဒီးယား ဆို”
14 May
ကမ္ဘောဒီးယားနိုင်ငံဘက်က ပင်လယ်ပြင်ရေးရာကိစ္စရပ်များအား ထိုင်းနိုင်ငံနှင့် မည်သည့်စေ့စပ်ဆွေးနွေးမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ယာယီအကြီးအကဲ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် က မေလ ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။ ဟွန်ဆန် က ပင်လယ်ပြင်ရေးရာကိစ္စရပ်များအား ထိုင်းနိုင်ငံနှင့် မည်သည့်စေ့စပ်ဆွေးနွေးမှုမျှ မပြုလုပ်ရန် အစိုးရအား သတိပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံထံမှ သဘောတူညီချက်တစ်စုံတစ်ရာကို စောင့်ဆိုင်းရန်မလိုဘဲ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်(UNCLOS)တွင် သတ်မှတ်ထားသောယန္တရားများကို တိုက်ရိုက် အသုံးပြုသင့်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာကို ထိုင်းနိုင်ငံဘက်က ဖျက်သိမ်းလိုက်သည့် အပေါ် ကမ္ဘောဒီးယားက စိတ်မကောင်းဖြစ်ခဲ့သော်လည်း နိုင်ငံတကာယန္တရားများကို ပြောင်းလဲအသုံးပြုရန် ကမ္ဘောဒီးယားကို ကူညီပေးသည့်အတွက် ထိုင်းနိုင်ငံဘက်ကို ကျေးဇူးတင်ကြောင်း၊ ထိုင်းနိုင်ငံက နားလည်မှု စာချွန်လွှာကို တစ်ဖက်သတ်ဖျက်သိမ်းလိုက်ခြင်းသည် ပင်လယ်ပြင်ဆိုင်ရာအခွင့်အရေးနှင့် အကျိုးစီးပွားနှင့် စပ်လျဉ်း၍လုပ်ဆောင်မည့် နှစ်နိုင်ငံစေ့စပ်ဆွေးနွေးမှုမူဘောင်ကို ပြိုကွဲစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် UNCLOS ၏ မဖြစ်မနေကြားဝင်စေ့စပ်ပေးမည့် လုပ်ထုံးလုပ်နည်းများကို စတင်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က မေလ ၅ ရက်တွင် ပြောကြား ခဲ့သည်။ ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ကမ္ဘောဒီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုး ခဲ့သည့် ပင်လယ်ပြင်နယ်နိမိတ်ချင်းထပ်နေသည့် အငြင်းပွားမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဖျက်သိမ်းရန် အစိုးရ အဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး နိုင်ငံ၏အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန် UNCLOS ၏ မူဘောင်အောက်ရှိ နိုင်ငံတကာယန္တရားများကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း မေလ ၅ ရက်တွင် ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)