“တရုတ်နိုင်ငံ၏ အတန်သင့်ဖြေလျှော့ထားသည့် ငွေကြေးမူဝါဒက အကျိုးသက်ရောက်မှုများ ဆက်လက် ဖြစ်ပေါ်စေဟု တရုတ်နိုင်ငံဗဟိုဘဏ်ပြောကြား”
14 May
တရုတ်နိုင်ငံ၏ အတန်သင့်ဖြေလျှော့ထားသည့် ငွေကြေးမူဝါဒသည် ပထမသုံးလပတ်ကာလ၌ အကျိုး သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်စေခဲ့ကာ ဘဏ္ဍာရေးအခြေအနေပြ အချက်အလက်အားလုံးမှာ ထိုက်သင့်သည့် အရှိန်အဟုန်ဖြင့် တိုးတက်ကျယ်ပြန့်လာခဲ့ပြီး လူမှုရေးဆိုင်ရာ ငွေကြေးထောက်ပံ့ဖြည့်စွမ်းမှု အခြေအနေမှာလည်း လိုက်လျောညီထွေရှိဆဲဖြစ်သည်ဟု တရုတ်နိုင်ငံဗဟိုဘဏ်က မေလ ၁၁ ရက်၌ ပြောကြားခဲ့သည်။ နည်းပညာကဏ္ဍအတွက် ချေးငွေများ၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှုရှိသော ငွေကြေးထောက်ပံ့မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စသည့် ကဏ္ဍအားလုံးမှာ မတ်လ ကုန်၌ ကိန်းဂဏန်းနှစ်လုံးပမာဏ တိုးတက်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်ဟု တရုတ်ပြည်သူ့ဘဏ်၏ ပထမ သုံးလပတ်ကာလ ငွေကြေးမူဝါဒ အကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာအရ သိရသည်။ ပထမသုံးလပတ်ကာလ၌ ဗဟိုဘဏ်၏ လုပ်ငန်းလည်ပတ်မှုများသည် ကာလလတ်နှင့် ကာလရှည် ရန်ပုံငွေ ထဲသို့ ယွမ် ၂ ထရီလီယံခန့်(အမေရိကန်ဒေါ်လာ ၂၉၂ ဒသမ ၁၁ ဘီလီယံခန့်) အသားတင်ဖြည့်တင်းပေးနိုင်ခဲ့ရာ ငွေပေါ်လွယ်မှုကို လုံလုံလောက်လောက် ထိန်းထားနိုင်ခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒယန္တရားများ၏ ဖွဲ့စည်းပုံကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင် ပေးခဲ့ကာ ကြွေးမြီဖွဲ့စည်းပုံကိုလည်း ပိုမိုကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်ခဲ့သည်။ သိပ္ပံနှင့် နည်းပညာနယ်ပယ်မှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ချထားပေးသည့် လက်ကျန်ချေးငွေပမာဏသည် မတ်လကုန်၌ ယမန်နှစ်ကာလတူထက် ၂၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည့် တစ်ချိန်တည်းတွင် ပုဂ္ဂလိကစီးပွားရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆက်စပ်သောကိစ္စရပ်များ၊ ဝန်ဆောင်မှုအသုံးပြုသည့် အဓိကနယ်ပယ်များအား ချထားပေးသည့် လက်ကျန်ချေးငွေပမာဏသည်လည်း ၅ ဒသမ ၄ ရာခိုင်နှုန်း၊ ၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် အတန်သင့်ဖြေလျှော့ထားသည့် ငွေကြေးမူဝါဒကို ဆက်လက်အကောင်အထည်ဖော်ခြင်း၊ ငွေကြေးမူဝါဒ ယန္တရားအမျိုးမျိုးကို ပြောင်းလွယ်ပြင်လွယ်ဖြစ်စွာ အသုံးပြုခြင်း၊ ငွေပေါ်လွယ်မှု လုံလုံလောက်လောက် ရှိစေခြင်းနှင့် လူမှုရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုအခြေအနေများကို အတန်သင့်ဖြေလျှော့ခြင်း၊ ဘဏ္ဍာရေး အခြေအနေပြ အချက်အလက်အားလုံး သင့်တင့်မျှတစွာတိုးတက်မှုနှင့် ချေးငွေဖြည့်တင်းပေးမှု ဟန်ချက်ညီစေရန် လမ်းညွှန်ထိန်းကျောင်းပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အနာဂတ်ကိုမျှော်တွေးလျက် ဗဟိုဘဏ်က ပြောကြားခဲ့သည်။ ထို့ပြင် ဖွဲ့စည်းပြင်ဆင်ထားသော ငွေကြေးမူဝါဒ ယန္တရားများကိုလည်း အကောင်းဆုံးအသုံးချသွားမည် ဖြစ်ကာ ပြည်တွင်းဝယ်လိုအား ချဲ့ထွင်မှု၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စသည့် အဓိကနယ်ပယ်များအတွက် ငွေကြေးထောက်ပံ့မှု ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Repost from Xinhua Myanmar)