“အာဖဂန်နစ္စတန်နိုင်ငံသား ၁၃ သန်းကျော်က စီးပွားရေးစိန်ခေါ်မှုများကြားတွင် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရုန်းကန်နေရကြောင်း WFP ထုတ်ပြန်”
14 May
လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများ၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ရာသီဥတုဆိုင်ရာပြဿနာများက အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းရှိ အသက်မွေးဝမ်းကျောင်းမှုများကို ဆက်လက်ထိခိုက်စေသောကြောင့် နိုင်ငံရှိလူဦးရေ ၁၃ သန်းကျော်မှာ ပြင်းထန်သော စားနပ်ရိက္ခာမဖူလုံမှုကို ကြုံတွေ့နေရကြောင်း အာဖဂန်နစ္စတန်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က သတိပေးထားသည်။ စားသောက်နေထိုင်စရိတ်များ မြင့်တက်လာခြင်းနှင့် မကြာသေးမီက ဒေသတွင်းတင်းမာမှုများကြောင့် စားနပ်ရိက္ခာဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းတို့က ရပ်တည်ရန်ခက်ခဲသော မိသားစုများအတွက် အခြေအနေ များကို ပိုမိုဆိုးရွားလာစေကြောင်း ဒေသတွင်းရုပ်သံလိုင်း Tolo news က မေလ ၁၂ ရက်၌ ဖော်ပြခဲ့သည်။ အမျိုးသမီးများနှင့် ကလေးများတွင် အာဟာရချို့တဲ့မှုကို ကုသရာတွင်အသုံးပြုသည့် အထူးပြုအာဟာရ ပြည့်ဝသော အစားအစာများထောက်ပံ့မှု သိသိသာသာကျဆင်းလာခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်းလည်း WFP က ဖော်ပြခဲ့ပြီး စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖိအားများမြင့်တက်လာခြင်းက အကူအညီပေးရေး လုပ်ငန်းများကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံရှိ လူဦးရေ ၁၃ ဒသမ ၈ သန်းခန့်မှာ ပြင်းထန်သော စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင် နေရပြီး ကလေးအရေအတွက် ၅ သန်းနီးပါးနှင့် ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်များကမူ အာဟာရချို့တဲ့မှုကို ခံစားနေရကြောင်း ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရသိရသည်။ (Repost from Xinhua Myanmar)