“ရုရှားက ကမ္ဘာ့အင်အားအပြင်းဆုံး ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်”
14 May
ရုရှားနိုင်ငံသည် ၎င်း၏နျူကလီးယားအင်အားစုများကို ခေတ်မီစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ကမ္ဘာ့အင်အား အပြင်းဆုံးဟု သတ်မှတ်ထားသည့် Sarmat တိုက်ချင်းပစ် အမြင့်ပျံဒုံးကျည်အသစ်ကို မေလ ၁၂ ရက်တွင် စမ်းသပ်ပစ်ခတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် ကပြောသည်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် နီးကပ်နေပြီဟု ပူတင် က ပြောပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ စမ်းသပ်မှုပြုလုပ်ခြင်း ဖြစ်သည်။ ဆိုဗီယက်ခေတ်ထုတ် Voyevoda ဒုံးကျည်များနေရာတွင် အစားထိုးရန်ထုတ် လုပ်ထားသည့် နျူကလီးယားထိပ်ဖူးတပ် Sarmat ဒုံးကျည်များသည် ယခုနှစ်ကုန်တွင် စစ်ဆင်ရေးတာဝန်များ စတင်ထမ်းဆောင်မည်ဖြစ်သည်။ ထိုဒုံးကျည်သည် အနောက်အုပ်စုရှိ ဒုံးကျည်များထက် လေးဆကျော် ပိုမိုပြင်းထန် ကြောင်း ပူတင်ကပြောသည်။ အကွာအဝေးကီလိုမီတာ ၃၅,၀၀၀ ကျော်အထိ ပစ်ခတ်နိုင်ပြီး မည်သည့် ဒုံးခွင်းဒုံးစနစ် ကိုမဆို ဖောက်ထွင်းနိုင်စွမ်းရှိသည့် Sarmat ဒုံးကျည်သည် အမေရိကန်၏ ဒုံးခွင်းဒုံးစနစ်များကို အသုံးမဝင်အောင် ပြုလုပ်နိုင်မည်ဟု ရုရှားကဆိုသည်။ ထို့ပြင် ရုရှားနိုင်ငံသည် အသံထက်၂၇ ဆ မြန်သည့် Avangard ဒုံးကျည်နှင့် ဥရောပရှိ မည်သည့်ပစ်မှတ်ကိုမဆို ထိမှန်အောင်ပစ်ခတ်နိုင်သည့် Oreshnik ဒုံးကျည်များကိုလည်း အဆင့်မြှင့်တင် အသုံးပြုလျက်ရှိကြောင်းသိရသည်။