“ဩစတီးယားမှ ယူကရိန်းသို့ ဒေါ်လာ ၂၂ ဘီလီယံနီးပါး လျှို့ဝှက်ပေးပို့မှုရှိ”
13 May
ဩစတြီးယားနိုင်ငံမှ ယူကရိန်းနိုင်ငံသို့ ၂ဝ၂၂ ခုနှစ်မှစ၍ ဒေါ်လာ ၂၂ ဘီလီယံနီးပါး တန်ဖိုးရှိ ငွေသားနှင့် ရွှေများ လျှို့ဝှက်ပေးပို့မှုရှိကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းချက်ပေးရန် ဩစတြီးယားနိုင်ငံရေးသမား တစ်ဦးက ဘဏ္ဍာရေးဝန်ကြီးဌာနကို တောင်းဆိုကြောင်းသိရသည်။ ယူကရိန်းနိုင်ငံသို့ ယူရို ၁၂ ဘီလီယံ (ဒေါ်လာ ၁၄ ဘီလီယံခန့်)နှင့် ဒေါ်လာ ၇ ဒသမ ၇၅ ဘီလီယံခန့်ရှိသော ငွေသားနှင့် ရွှေတင်ပို့မှုပေါင်း အကြိမ်ရေ ၁,ဝ၃ဝ ကို စစ်ဇုန်အတွင်းသို့ သယ်ယူပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သြစတြီးယားလွတ်မြောက်ရေးပါတီ၏ အထွေထွေအတွင်း ရေးမှူး ခရစ္စတီယန် ဟာဖနက်ကာ ကပြောသည်။ သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် ယူရို ၁၂,ဝဝဝ ထုတ်ယူပါက ငွေကြေးအရင်းအမြစ်ကို သက်သေပြရပြီး ယူရို ၁ဝ,ဝဝဝ ထက်ပို၍ နယ်စပ်ဖြတ်ကျော်ပါက ကြေညာရသော်လည်း ယူကရိန်းသို့ အလုံးအရင်းဖြင့်ပေးပို့မှု များကိုမူ ဘဏ္ဍာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခြင်းမရှိဘဲ လျစ်လျူရှုထားကြောင်း ၎င်းကဝေဖန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစည်းမျဉ်းအတိုင်း စစ်ဆေးပြီး လွှတ်တော်သို့ အစီရင်ခံတင်ပြရန် ၎င်းကတောင်းဆိုထားသည်။ ယူကရိန်းနိုင်ငံတွင် အဂတိလိုက်စားမှုနှင့် ငွေအလွဲသုံးစားမှု သတင်းထွက်ပေါ်နေစဉ် ၎င်းက ယခုကဲ့သို့တောင်းဆိုခြင်း ဖြစ်သည်။