“သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ဗန်ဒီဗန်”
12 May
စပါးအသင်းရဲ့ အဓိကခံစစ်ကစားသမား ဗန်ဒီဗန် က သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် အသင်းရဲ့ ကမ်းလှမ်းမှုအား ပယ်ချခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗန်ဒီဗန် ဟာ ၂၀၂၃ ခုနှစ်က ဝုဖ်ဘတ်အသင်းမှ စပါးအသင်းထံသို့ ပြောင်းရွှေ့ကစား ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံးဗဟိုခံစစ် ကစားသမားများထဲတွင် ရပ်တည်နေသူဖြစ်ပါတယ်။ စပါးအသင်းက အဓိက ကစားသမားတစ်ဦးကို လက်မလွှတ်လိုတဲ့အတွက် နောက်ထပ်စာချုပ်သစ် ချုပ်ဆိုပြီး အသင်း၌ ဆက်လက်ထိန်းထားလိုသော်လည်း ဗန်ဒီဗန် ကိုယ်တိုင်က စပါးအသင်း၏ ရလဒ်ဆိုးများကြောင့် အသင်းမှ ထွက်ခွာလိုနေခြင်းဖြစ်ပါတယ်။ ဗန်ဒီဗန် နှင့် စပါးအသင်းတို့ စာချုပ်သက်တမ်းမှာ သုံးနှစ်ကျန်ရှိသေးသော်လည်း ယခုဘောလုံးရာသီအကုန် တွင် စပါးအသင်းတန်းဆင်းရမည်ဆိုပါက ဗန်ဒီဗန် က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ စပါးအသင်းမှ ထွက်ခွာလိုနေသည့် ဗန်ဒီဗန် အား ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းများအပြင် စပိန်ထိပ်သီး ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန် ပြင်ဆင်လျက်ရှိပါတယ်။(NVS 008)