“အီရန်၏ကမ်းလှမ်းချက်ကို ထရမ့်ငြင်းပယ်ပြီးနောက် ရေနံဈေးနှုန်းများမြင့်တက်လာ”

12 May

အရှေ့အလယ်ပိုင်းစစ်ပွဲအဆုံးသတ်ရန် အီရန်နိုင်ငံ၏တောင်းဆိုချက်များကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ငြင်းပယ်လိုက်ပြီးနောက် မေလ ၁၁ ရက် အာရှဈေးကွက်အဖွင့်တွင် ရေနံဈေးနှုန်းများ မြင့်တက်လာ ကြောင်းသိရသည်။ သမ္မတ ထရမ့် က အီရန်နိုင်ငံ၏ တုံ့ပြန်ချက်သည် လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြောလိုက် ပြီးနောက် ဟော်မုရေလက်ကြားမှတစ်ဆင့် ရေနံထောက်ပံ့မှု ပြတ်တောက်နိုင်ခြေပိုမိုမြင့်မားလာခြင်း ဖြစ်သည်။ ထို့ပြင် အီရန်နိုင်ငံအနေဖြင့် ရန်သူ့ရှေ့မှောက်တွင် ဒူးထောက်မည်မဟုတ်ဘဲ ဆွေးနွေးမှုသည် အရှုံးပေးခြင်း မဟုတ် ကြောင်း အီရန်သမ္မတ မာဆွတ်ပီဇက်ကီယန် က မေလ ၁၀ ရက် တွင်တုံ့ပြန်ခဲ့သည်။ ထို့နောက် နှစ်နိုင်ငံ၏ တင်းမာသောသဘောထားများကြောင့် ပဋိပက္ခသည် လျင်မြန်စွာပြေလည်မည့် အစား မရေရာမှုများ ပိုမိုရှည်ကြာလာနိုင်ကြောင်း MUFG ဘဏ်မှ လွိုက်ချန်းက သုံးသပ်ထားသည်။ ယခု သီတင်းပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့၏ ထိပ်သီးဆွေးနွေးပွဲတွင် အီရန်စစ်ပွဲ က အဓိကဆွေးနွေးစရာဖြစ်လာဖွယ်ရှိသည့်အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကလည်း တရုတ်နိုင်ငံ၌ ဒုတိယ ဝန်ကြီးချုပ် ဟီလိုင်ဖန်းနှင့်တွေ့ဆုံရန် စီစဉ်ထားသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။

12 May

ADVERTISE HERE .