“မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ငါးနှစ်သက်တမ်းတိုးမြှင့်”

11 May

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ ငါးနှစ်သက်တမ်း ထပ်မံတိုးမြှင့်လိုက်ကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ သိရပါတယ်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) သက်တမ်းတိုးမြှင့်ခြင်းကို ပြီးခဲ့တဲ့ဧပြီလအတွင်းက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများကြား အတည်ပြုလွှာများ အပြန်အလှန်လဲလှယ်၍ ဆောင်ရွက်ခဲ့ကြပါတယ်။ အဆိုပါနားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခြင်းကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ် မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်း တင်ပို့ခွင့်ရရှိကာ ခိုင်မာသော ပြည်ပဈေးကွက်တစ်ခုကို ထိန်းထားနိုင်ပြီး ပြည်တွင်းမှ မတ်ပဲနှင့် ပဲစင်းငုံစိုက်တောင်သူများအတွက် အကျိုးမြတ်များ ရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှထွက်ရှိသော မတ်ပဲနှင့် ပဲစင်းငုံတို့တွင် ဓာတုဆေးဝါးကင်းစင်ခြင်း၊ အရည်အသွေးကောင်း မွန်ခြင်းနှင့် အရသာရှိခြင်းတို့ကြောင့် ပြည်ပဝယ်လက်များက နှစ်စဉ်ဝယ်ယူလျက်ရှိပါတယ်။ နိုင်ငံတော်မှလည်း တောင်သူများအား ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းသော မတ်ပဲနှင့် ပဲစင်းငုံမျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးနည်းစနစ်များ ဖြန့်ဝေပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS-004)

11 May

ADVERTISE HERE .