“Hondius အပျော်စီးသင်္ဘောမှ ခရီးသည် ၂၆ ဦး နယ်သာလန်နိုင်ငံသို့ ရောက်ရှိပြီး နေရာချထားမှုခံယူ”

11 May

Hondius အပျော်စီးသင်္ဘောမှ ခရီးသည် ၂၆ ဦး တင်ဆောင်ထားသော လေယာဉ်တစ်စင်းသည် ဒေသ စံတော်ချိန် မေလ ၁၀ ရက် ညပိုင်းတွင် နယ်သာလန်နိုင်ငံ Eindhoven လေတပ်စခန်းသို့ ဆိုက်ရောက်ခဲ့ပြီး အဆိုပါ ခရီးသွား ၂၆ ဦးကို သီးခြားကွာရန်တင်းထားရှိ၍ စောင့်ကြည့်ခြင်း သို့မဟုတ် အခြားနိုင်ငံသို့ ရွှေ့ပြောင်းပို့ဆောင်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါလေယာဉ်တွင် နယ်သာလန်နိုင်ငံသား ၈ ဦးနှင့် အခြားနိုင်ငံ ၁၀ နိုင်ငံမှ ခရီးသွား ၁၈ ဦး တင်ဆောင် ထားကြောင်း၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ် စသည့်နိုင်ငံများက မိမိနိုင်ငံသားများကို နိုင်ငံတွင်းသို့ ပြန်လည်ရွှေ့ပြောင်း ပို့ဆောင်ရန်အတွက် ကူးစက်ရောဂါသီးသန့်သုံး လူနာတင်ယာဉ်များ စေလွှတ်ထားပြီးဖြစ်ကြောင်း နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ နယ်သာလန်အမျိုးသား အများပြည်သူကျန်းမာရေးပတ်ဝန်းကျင်အင်စတီကျု(RIVM)က အဆိုပါလူများသည် လေဆိပ်တွင် ကျန်းမာရေးဆိုင်ရာ ဆေးစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ ထို့နောက် နယ်သာလန်နိုင်ငံသားများသည် သီးသန့်ယာဉ်ဖြင့် အိမ်ပြန်ကာ သီးခြားကွာရန်တင်း နေထိုင်ရမည်ဖြစ်ကြောင်း၊ ချက်ချင်း ရွှေ့ပြောင်းပို့ဆောင်နိုင်ခြင်း မရှိသည့် နိုင်ငံခြားသားများကမူ သတ်မှတ်ထားသောဟိုတယ်၌ ၄၂ ရက်ကြာ သီးခြားကွာရန်တင်း နေထိုင်ရမည် ဖြစ်ကြောင်း၊ ထိုကာလအတွင်း ကွာရန်တင်းနေထိုင်သူများသည် အပြင်ထွက်၍ အချိန်တိုအပန်းဖြေလမ်းလျှောက်ခြင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်၍ အခြားသူများနှင့် အနည်းဆုံး ၁ ဒသမ ၅ မီတာ အကွာအဝေးရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အန်ဒီးစ်ဗိုင်းရပ်စ်သည် ကူးစက်သူနှင့် အချိန်ကြာရှည်စွာ နီးနီးကပ်ကပ်ထိတွေ့မှုရှိမှသာ ကူးစက်နိုင်ပြီး ပမာဏအများအပြား ကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်နည်းပါးကြောင်းလည်း RIVM က ဆိုသည်။ Hondius အပျော်စီးသင်္ဘောအား လုပ်ငန်းလည်ပတ်သည့် Oceanwide Expeditions ကုမ္ပဏီက မေလ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အဆိုပါအပျော်စီးသင်္ဘောသည် စပိန်နိုင်ငံ တန်နာရီဖစ်ကျွန်းတွင် လောင်စာဖြည့်၍ လိုအပ်သည့်ပစ္စည်းများ ဖြည့်စွက်ပြီးနောက် နယ်သာလန်နိုင်ငံ ရော့တာဒမ်ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ရာ ခန့်မှန်းခြေခရီးကြာချိန်မှာ ၅ ရက်ခန့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နယ်သာလန်ဘက်ကလည်း မေလ ၁၁ ရက်တွင် နောက်ဆုံးလေယာဉ်တစ်စင်း စေလွှတ်၍ ထိုအချိန်အထိ ကိုယ်စီနိုင်ငံမှ လာရောက်ခေါ်ဆောင်ခြင်း မရှိသေးသည့်သူများကို ရွှေ့ပြောင်းပို့ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ (Repost from Xinhua Myanmar)

11 May

ADVERTISE HERE .