“ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ကတိခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာ”

11 May

ပြစ်ဒဏ်ကျခံနေရသော ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ အား ၎င်းကျခံရမည့် ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ်မှ ကျန်ရှိနေသော ထောင်ဒဏ်လေးလအတွက် ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးရန် အာဏာပိုင်များက ခွင့်ပြုခဲ့ပြီးနောက် ၎င်းမှာ ဘန်ကောက်မြို့ရှိ ခလောင်ပရင်မ် ဗဟိုအကျဉ်းထောင်မှ မေလ ၁၁ ရက် တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ သက်ဆင် မှာ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်၌ အများပြည်သူရှေ့သို့ ထွက်ပေါ်လာခဲ့ပြီး ကတိခံဝန်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ဆိုင်ရာ ပုံမှန်သတ်မှတ်ချက်အရ ၎င်း၏ပြစ်ဒဏ်သုံးပုံနှစ်ပုံကို ကျခံခဲ့သည့် အကျဉ်းထောင်ရှေ့၌ မိသားစုဝင်များနှင့် ပြန်လည်ဆုံစည်းခဲ့သည်။ ၎င်းနှင့် ၎င်း၏မိသားစုက ထိုင်းနိုင်ငံအလံအား ဦးညွှတ်အလေးပြုခဲ့ကာ ထောက်ခံသူများအား ကျေးဇူးတင် စကား ပြောကြားခဲ့ပြီးနောက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၅ မိနစ်ဝန်းကျင်၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာ သွားခဲ့သည်။ ထို့နောက် သက်ဆင် သည် ဘန်ကောက်မြို့ရှိ ခံဝန်ချုပ်ဆိုင်ရာကြီးကြပ်ရေးရုံးသို့ ထွက်ခွာသွားခဲ့ရာ ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားသည့် အကျဉ်းထောင်အဆောက်အအုံဝင်း အပြင်ဘက်၌ စုဝေးနေကြသည့် အနီရောင်ရှပ်အင်္ကျီ ကိုယ်စီဝတ်ဆင်ထားသော လူအုပ်ကြီးက ၎င်းအား ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ သက်ဆင် သည် လွန်ခဲ့သည့်လက ကျင်းပခဲ့သည့် ခံဝန်ချုပ်ဖြင့် ပြစ်ဒဏ်မှပြန်လွှတ်ပေးရေးဆိုင်ရာကော်မတီ အစည်းအဝေး၌ ပြစ်ဒဏ်မှ စောစီးစွာပြန်လွှတ်ပေးရန် ခွင့်ပြုခဲ့သည့် အကျဉ်းသားဦးရေ ၈၅၀ ကျော်ထဲတွင် ပါဝင်ခဲ့ကာ ၎င်းမှာ အသက် ၇၀ ကျော်အရွယ်ရှိနေခြင်း၊ ခံဝန်ချုပ်ဖြင့် အကျုံးဝင်သည့် ပြစ်ဒဏ်တစ်နှစ်အောက်သာ ကျန်ရှိနေခြင်း စသည့်အချက်များကြောင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။ ၎င်းအနေဖြင့် အီလက်ထရောနစ် စောင့်ကြည့်ကိရိယာဝတ်ဆင်ရန်၊ ခံဝန်ချုပ်ထားရှိခြင်းအတွက် စိစစ် ကြပ်မတ်မှုခံယူရန်၊ သက်ဆိုင်ရာအာဏာပိုင်များကို အချိန်မှန်သတင်းပို့ရန်၊ စက်တင်ဘာလ ၉ ရက်၌ ထောင်ဒဏ် တစ်နှစ်ပြစ်ဒဏ် တရားဝင်မပြီးဆုံးမီအချိန်ထိ ပြည်ပသို့သွားရောက်ခြင်းမပြုရန် စသည့် တင်းကျပ်သော ခံဝန်ချုပ် ဆိုင်ရာသတ်မှတ်ချက်များကို လိုက်နာရမည်ဟုလည်း အကျဉ်းဦးစီးဌာနက ပြောသည်။ ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနလက်အောက်ရှိ ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခြင်းဆိုင်ရာ ကော်မတီက ဧပြီလ ၂၉ ရက် အစည်းအဝေး၌ သက်ဆင် အား မေလ ၁၁ ရက်၌ ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သည့် သက်ဆင် မှာ ၂၀၀၁ ခုနှစ်နှင့် ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ သို့သော် ၎င်း၏ ဒုတိယမြောက်သက်တမ်း၌ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် ခဲ့သည်။ သက်ဆင် မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်မှာပင် ၎င်းတာဝန် ထမ်းဆောင်စဉ် အချိန်ကာလကနှင့်သက်ဆိုင်သည့် ပြစ်မှုသုံးခုအတွက် ထောင်ဒဏ်ရှစ်နှစ်ကျခံခဲ့ရသည်။ ၎င်းအနေဖြင့် အကျဉ်းထောင်၌ တစ်ရက်မပြည့်မီမှာပင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရခြင်းကြောင့်ဟုဆိုကာ ဘန်ကောက်အကျဉ်းထောင်မှ ရဲဘက်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံခဲ့ပြီးနောက် ၎င်း၏ပြစ်ဒဏ်အား တစ်နှစ်သို့ လျှော့ချပေးခဲ့သည်။ သို့သော် သက်ဆင် အနေဖြင့် ဆေးရုံ၌ ခြောက်လကြာပြစ်ဒဏ်ကျခံမှုမှာ တရားဝင်ခွင့်ပြုထားခြင်း မရှိသည့် အတွက် ထိုကာလကို ထည့်သွင်းတွက်ချက်ခြင်းမပြုကြောင်း ထိုင်းတရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ပြန်လည်ကျခံခဲ့ရသည်။ သက်ဆင် သည် ၂၀၁၅ ခုနှစ်က ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးဖြေကြားစဉ်အတွင်း ၎င်း၏ မှတ်ချက် စကားများနှင့်ပတ်သက်၍ အောက်တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည့်အပေါ် ထိုင်းရှေ့နေချုပ်က အယူခံ ဝင်ခဲ့ပြီးနောက် ၎င်းအနေဖြင့် တော်ဝင်အသရေဖျက်မှုဆိုင်ရာ သီးခြားအမှုတစ်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ (Repost from Xinhua Myanmar)

11 May

ADVERTISE HERE .