“ရုရှား-တရုတ်ဆက်ဆံရေးမှာ နိုင်ငံတကာဆက်ဆံရေးကို တည်ငြိမ်အောင်ထိန်းညှိရာတွင် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ဟု ပူတင် ပြော”
11 May
ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းညှိ ရာတွင် အရေးအကြီးဆုံးအကြောင်းရင်းဖြစ်သည်ဟု ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် က မေလ ၉ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံကဲ့သို့သော နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘာ့ရေးရာများတွင် ဟန်ချက်ထိန်းညှိမှုနှင့် တည်ငြိမ်မှုအကြောင်းရင်းအဖြစ် မလွဲမသွေတည်ရှိနေသည်ဟု ပူတင် က သတင်းစာ ရှင်းလင်းပွဲ၌ ရည်ညွှန်းပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးမားဆုံးကုန်သွယ်ရေးနှင့် စီးပွားရေး မိတ်ဖက်ဖြစ်ကြောင်း၊ နည်းပညာမြင့်မားသော လုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကို ဖြန့်ခွဲစီမံမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယင်းသည် အလွန်ပင်အရေးကြီးကြောင်း ပူတင် က မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် အရေး ပါသော ခြေလှမ်းတစ်ရပ်ကို တက်လှမ်းရေးအတွက် အဆင့်မြင့်သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်ဟုလည်း ပူတင်က ပြောသည်။ ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင်လည်း ပူတင် က ၎င်းအနေဖြင့် မော်စကို၌သာမက တတိယနိုင်ငံတစ်ခု၌လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး နှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း၊ သို့သော် အပြီးသတ် ငြိမ်းချမ်းရေးသဘောတူစာချုပ်နှင့်ပတ်သက်၍ သဘောတူညီမှုတစ်ရပ်တွင် လက်မှတ်ရေးထိုးနိုင်မှသာလျှင် ထိုသို့တွေ့ဆုံမည်ဖြစ်ကြောင်း ပူတင် က ဆိုသည်။ “တတိယနိုင်ငံတစ်နိုင်ငံမှာ တွေ့ဆုံဖို့ အလားအလာရှိပါတယ်။ ဒါပေမဲ့လည်း ငြိမ်းချမ်းရေး သဘောတူညီချက် အတွက် အပြီးသတ်သဘောတူညီမှု ရရှိပြီးတော့မှပါ။ အဲဒီတွေ့ဆုံမှုမှာပါဝင်ဖို့ ဒါမှမဟုတ် တစ်စုံတစ်ခုကို လက်မှတ် ရေးထိုးဖို့ဆိုရင် သဘောတူစာချုပ်ကို ကာလရှည်သမိုင်းဆိုင်ရာ ရှုထောင့်ကနေ စီစဉ်ရေးဆွဲထားသင့်ပါတယ်။ ဒါပေမဲ့ အဲဒါက နောက်ဆုံးအဆင့်သာဖြစ်သင့်ပြီး ဆွေးနွေးညှိနှိုင်းမှုသက်သက်တော့ မဖြစ်သင့်ပါဘူး” ဟု ရုရှားခေါင်းဆောင် က ဖြည့်စွက်ပြောကြားသည်။ (Repost from Xinhua Myanmar)